
လီဗာပူးဆီ ဂူဟီ ဘာကြောင့်မပြောင်းရွှေ့နိုင်ခဲ့သလဲဆိုတာကို ရှင်းပြလာတဲ့ ပဲလေ့စ်အသင်းပိုင်ရှင်ပါရစ်
ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင်စတိဗ်ပါရစ်က လီဗာပူးဆီပြောင်းရွှေ့ဖို့ နောက်ဆုံးအချိန်အထိ နီးစပ်ခဲ့မှုနဲ့အတူ အခုနွေရာသီ၊ လန်ဒန်အခြေစိုက်ကလပ်အသင်းမှာ ဂူဟီ ဘာကြောင့်ကျန်ရှိနေခဲ့သလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် လက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ ယူဆခဲ့ကြပါတယ်။
အီးဂဲလ်ကပ္ပတိန်က ဆဲလ်ဟတ်ပတ်ခ်မှာ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန် လန်ဒန်တောင်ပိုင်းအခြေစိုက်ကလပ်အသင်းမှ ထွက်ခွာဖွယ် ရှိပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဋ္ဌပါရစ်ကတော့ ဂူဟီကို စာချုပ်သက်တမ်းမကုန်ဆုံးခင် ဈေးကွက်တင်ဖို့ထက် အခုဘောလုံးရာသီအတွက် ဆက်ထိန်းထားဖို့ဆိုတာ ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်လို့ talkSPORT နဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
ပါရစ်က “ ဒါဟာ ခက်ခဲလှတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ကိစ္စတိုင်းက အဖြူနဲ့အမည်းလို သဲသဲကွဲကွဲမဖြစ်လာခဲ့ပါဘူး။ အဆုံးမှာတော့ ရရှိထားတဲ့ အကြံဉာဏ်တွေအပေါ် အခြေခံပြီး ကိုယ့်ယူဆချက်တွေနဲ့ပေါင်းစပ်ကာ ဂူဟီကို ဆက်ထိန်းထားတာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုအရာတွေကို မှန်းဆဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ယုတ္တိဗေဒနည်းအရပဲ ကြည့်ကြည့်၊ ပရီးမီးယားလိဂ်မှာ ထိုက်ထိုက်တန်တန်ရောက်ရှိနေတဲ့ နေရာအရပဲ ကြည့်ကြည့်၊ ကျွန်တော်တို့အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲလည်း ပါဝင်ရမယ်ဆိုတဲ့အချက်ကြောင့် ကစားသမားတစ်ဦးကို ဆက်လက်ထိန်းသိမ်းထားရမဲ့ ထူးထူးခြားခြားအခြေအနေတစ်ရပ် ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်းက အဆင့်-၁၀ နဲ့ အဆင့်-၁၄ ကြား တိုက်ပွဲဝင်နေရမယ်ဆိုရင်၊ ဂူဟီကို လက်လွှတ်လိုက်ခြင်းနဲ့ ဆက်ထိန်းသိမ်းထားခြင်းတို့အကြား ကွာဟချက်တွေ ရှိလာမယ်ဆိုရင် ကျွန်တော်တို့တွေ ကစားသမားရောင်းချပြီး ငွေရှာသင့်တယ်လို့ ပြောကောင်းပြောရပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပါရစ်က ဂူဟီအမှန်တကယ်ထွက်ခွာသွားချိန် အစားထိုးနိုင်မယ့်သူတွေအဖြစ် ရည်မှန်းထားတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့နောက်ထပ်ဗဟိုခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ချာဒီရိဒ်နဲ့ ဂျေဒီကန်ဗုတ်တို့အကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။ ပါရစ်က “ ကစားသမားတစ်ဦးအဖြစ် တိုးတက်လာမယ်လို့ မျှော်လင့်ထားတဲ့ ဂျေဒီကန်ဗုတ်ကို ကျွန်တော်တို့အသင်း ရရှိခဲ့ပါတယ်။ အလားတူ ဒဏ်ရာမှပြန်လာတဲ့ ချာဒီရိဒ်လည်း ရှိပါတယ်။ ကျွန်တော်တို့တွေ အဆင်ပြေသွားမယ်လို့ မျှော်လင့်မိပါတယ်။ အဆင်ပြေဖို့လည်း သင့်တော်ပါတယ်။ ဒီနေရာမှာ ကြီးမားတဲ့ဆုံးရှုံးမှု မရှိပါဘူး။ ဒါပေမဲ့ ယူရိုပါကွန်ဖရန့်လိဂ်အပြင် အမှတ်ပေးဇယားထိပ်ဆုံး၁၀သင်းစာရင်းမှာ ရာသီသိမ်းလိုတဲ့ ကျွန်တော်တို့အသင်းရဲ့ပုံစံကြောင့် ဂူဟီကို လက်မလွှတ်လိုက်တာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်မယ်လို့ ခံစားရပါတယ်။
ချာဒီလည်း အောက်တိုဘာလအတွင်းမှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် သီအိုရီအရ အသင်းအတွက် လူသစ်ခေါ်ယူစရာမလိုတဲ့ အနေအထားတစ်ခုဆီ ရောက်ရှိနေနိုင်ပါတယ်။ အခုဘောလုံးရာသီတလျှောက်လုံး ဂူဟီကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူ့ရဲ့နေရာကို အစားထိုးစရာမလိုတဲ့ အနေအထားတစ်ခုဆီ ကျွန်တော်တို့ ရောက်ရှိနိုင်ပါတယ်”လို့ ဆိုပါတယ်။
ချာဒီရိဒ်က ဇန်နဝါရီလအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိကာ ကာလရှည်အနားယူနေရပြီး အခုဘောလုံးရာသီသစ်မှာလည်း ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။