
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲထက် အနားယူဖို့သာ ရွေးချယ်ခဲ့တဲ့ ရော်နယ်ဒို
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်မယ့်အစား အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်သက်တမ်းတိုးပြီးနောက်မှာ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်အရ အသက် ၄၂ နှစ်အထိ ဆော်ဒီပရိုလိဂ်ကလပ်မှာ ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေချိန်မှာ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုက ရော်နယ်ဒိုဟာ ပြိုင်ပွဲဝင်ခွင့်မရရှိပေမဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အယ်လ်-နာဆာအသင်းကနေ ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုမှာ ရော်နယ်ဒိုက "ကမ္ဘာ့ဖလားမှာ ကစားဖို့ ကမ်းလှမ်းမှုတချို့ရှိခဲ့ပေမဲ့ ဒါက အဓိပ္ပာယ်မရှိပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနားယူဖို့နဲ့ ပြင်ဆင်မှုကောင်းကောင်းလုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီရာသီက နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့ဖလားရှိတာကြောင့် အရမ်းကိုကြာရှည်မှာပါ။" လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုက အယ်လ်-နာဆာအသင်းနဲ့ ပေါ်တူဂီအသင်းအတွက်ပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးမီက စပိန်နဲ့ကစားခဲ့တဲ့ နေးရှင်းလိဂ်ဖိုင်နယ်ပွဲမှာ ပေါ်တူဂီအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပေါ်တူဂီအသင်းက အနိုင်ရရှိခဲ့ပါတယ်။
ရော်နယ်ဒိုက အယ်လ်-နာဆာအသင်းနဲ့ အဓိကဖလားတစ်ခုခုရယူဖို့ မျှော်မှန်းထားပုံကို
"ကျွန်တော့်ရည်မှန်းချက်က အယ်လ်-နာဆာအတွက် အရေးကြီးတဲ့ဆုဖလားတစ်ခုခုကို ရယူဖို့ပါပဲ။ ဒါကို ကျွန်တော်ယုံကြည်နေဆဲပါ" လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၂ ခုနှစ်မှာ အယ်လ်-နာဆာအသင်းကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးကြီးဟာ အသင်းအတွက် အရေးပါတဲ့ခြေစွမ်းတွေပြသခဲ့ပြီး ပြိုင်ပွဲစုံ ၁၀၅ ပွဲမှာ ၉၃ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝဂိုး ၁၀၀၀ ပြည့်မြောက်ဖို့လည်း ရည်မှန်းထားပြီး ကလပ်အသင်းတွေအတွက် ၇၉၄ ဂိုးနဲ့ ပေါ်တူဂီအသင်းအတွက် ၁၃၈ ဂိုးသွင်းယူထားတာကြောင့် စုစုပေါင်း ၉၃၂ ဂိုးအထိရှိနေပြီဖြစ်ပါတယ်။