ပေါ်တူဂီအသင်းနဲ့ လမ်းခွဲပြီးပါက နောက်ထပ်ကိုင်တွယ်မယ့် ကလပ်အသင်းသစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ ရော်ဘတ်တို မာတီနက်ဇ်
ရော်ဘတ်တို မာတီနက်ဇ်ဟာ ပေါ်တူဂီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ဇူလိုင်လကုန်မှာ ကုန်ဆုံးတဲ့အခါ နည်းပြရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ပြီး အခုကတည်းက နောက်ထပ်ကိုင်တွယ်မယ့် အသင်းသစ်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
သတင်းထောက် Fabrice Hawkins ရဲ့ အဆိုအရ မာတီနက်ဇ်ဟာ စီရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဆော်ဒီကလပ်ကြီးဆီ ပြောင်းရွှေ့သွားဖို့ ရှိနေပါတယ်။
စပိန်လူမျိုးနည်းပြ မာတီနက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ပေါ်တူဂီအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၂၄-၂၅ နေရှင်းလိဂ်ဖလားကိုလည်း ရရှိခဲ့ပါတယ်။ ဒါဟာ ပေါ်တူဂီနည်းပြအဖြစ် သူရရှိခဲ့တဲ့ တစ်လုံးတည်းသော ဆုဖလားဖြစ်ပေမဲ့ အခု ကမ္ဘာ့ဖလားကို ရယူပြီးမှသာ နည်းပြဘဝကို အဆုံးသတ်ချင်နေတာပါ။
ပေါ်တူဂီအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပေမဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဒီအာရ်ကွန်ဂိုနဲ့ ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပြီး ၁-၁ ဂိုးနဲ့ သရေကျခဲ့လို့ အစမကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။
ပွဲကစားချိန် ၆ မိနစ်မှာ ဂျာအိုနီးဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပေါ်တူဂီတို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ နယူးကာဆယ်အသင်းက ယိုအိန်းဝီဆာက ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပေါ်တူဂီတို့ အနိုင်ဂိုး ရှာမတွေ့ခဲ့တာ ဖြစ်ပါတယ်။
ပွဲအတွင်းမှာ ဘာမှထူးထူးခြားခြား လုပ်မပြနိုင်တဲ့ ရော်နယ်လ်ဒိုကို မာတီနက်ဇ်က ဇွတ်မှိတ်ထည့်သွင်းအသုံးပြုခဲ့တာဟာ ကွန်ဂိုနဲ့ပွဲမှာ အနိုင်မရခဲ့တဲ့ အဓိကအချက်ဖြစ်နိုင်သလို ကမ္ဘာ့ဖလား ရယူနိုင်ဖို့အတွက်လည်း အခွင့်အရေး ဆုံးရှုံးသွားစေနိုင်ပါတယ်။