The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်ပစ်မှတ် ရိုမဲရိုး

တော့တင်ဟမ်က အခုနွေရာသီကာလမှာ အပြောင်းအရွှေ့ချိတ်ဆက်မှုတွေရှိခဲ့တဲ့ ရိုမဲရိုးနဲ့ ကာလရှည်စာချုပ်သစ်တစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ယမန်နေ့(တနင်္လာနေ့)မှာပဲ ရိုမဲရိုးက ၂၀၂၉ ခုနှစ်အထိ အသက်ဝင်နေမယ့် လေးနှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့အတူ လက်မှတ်ရေးထိုးခဲ့တယ်လို့  The Athletic သတင်းဌာနမှ ရေးသားဖော်ပြပါတယ်။ အာဂျင်တီးနားသားရဲ့လက်ရှိစာချုပ်သက်တမ်းက နှစ်နှစ်အထိ ကျန်ရှိနေသေးပေမယ့် အခုတော့ ပိုမိုကောင်းမွန်တဲ့စာချုပ်သစ်တစ်ရပ်ကို ရရှိသွားခဲ့ပါတယ်။

ရိုမဲရိုးကို အက်သလက်တီကိုမက်ဒရစ်နဲ့အတူ အပြောင်းအရွှေ့ချိတ်ဆက်မှုတွေမှာ ထပ်ခါတလဲလဲမြင်တွေ့ခဲ့ရပြီး ကစားသမားကိုယ်တိုင်လည်း အနာဂတ်ကာလကျရင် လာလီဂါမှာ ကစားချင်တယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားကို တော့တင်ဟမ်ရဲ့ကပ္ပတိန်သစ်အဖြစ် နည်းပြသောမတ်စ်ဖရန့်ခ် ကြေညာခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာမှာပဲ ရိုမဲရိုးက သူ့ရဲ့အနာဂတ်ကို လက်ရှိယူရိုပါလိဂ်ချန်ပီယံတွေဆီမှာ မြှုပ်နှံသွားဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။ အခုလို စာချုပ်သက်တမ်းတိုးမြှင့်နိုင်မှုကြောင့် မြောက်လန်ဒန်ကလပ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်လာပါတယ်။

ရိုမဲရိုးက ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်စ်မှ တော့တင်ဟမ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၄၇ ဒဿမ ၄ သန်းဖြင့် ရောက်ရှိလာပြီး အသင်းရဲ့ခံစစ်ပိုင်းမှာ အဓိကကျသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်က တော့တင်ဟမ်အတွက် ၁၂၆ ပွဲပါဝင်ကစားကာ ရှစ်ဂိုးသွင်းယူခဲ့ပြီး အခုနှစ်အစောပိုင်းမှာပဲ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီစာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘန်လေကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ရိုမဲရိုးဦးဆောင်တဲ့ တော့တင်ဟမ်က လာမယ့်စနေနေ့၊ အီတီဟတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။