ရီယိုမှာ မွေးနေ့အကြို ရေကူးကန်ပါတီဆင်နွှဲခဲ့တဲ့ ကော်တင်ဟိုနဲ့ ဇနီးအန်နီ
အက်စတွန်ဗီလာကြယ်ပွင့် ကော်တင်ဟိုကတော့ ဘရာဇီး အသင်းနဲ့ နိုင်ငံပွဲစဉ်တွေ မကစားရမီ ရခဲ့တဲ့ နားရက်တစ်ရက်ကို ချစ်ဇနီးအေနီရဲ့ ၂၉ နှစ်ပြည့် မွေးနေ့နဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။ ကော်တင်ဟိုနဲ့ အေနီတို့ဟာ ရီယိုဒီဂျနေးရိုးမြို့ ကမ်းခြေမှာ မွေးနေ့ပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီမှာ ဘာစီလိုနာကနေ ဗီလာကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ပြန်လည်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ အဖြူရောင်ဘောင်းဘီတိုဝမ်းဆက်၊ ဦးထုပ်အဝိုင်း၊ ဖိနပ်ချွတ်နဲ့ ကခုန်ပျော်ပါးနေခဲ့ပါတယ်။ ပါတီလာတဲ့ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်းပြိုင်လုပ်ခဲ့ပြီးနောက်မှာလည်း ရေကူးကန်ထဲမှာ ဒိုင်ဗင်ပစ်ပြီး ရေကူးခဲ့တာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
ကော်တင်ဟိုနဲ့ ကလေး ၃ ယောက်ရှိထားတဲ့ အေနီကတော့ သူမရဲ့ ထူးခြားတဲ့နေ့လေးကို လာဂုဏ်ပြုပေးတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ရှိကြောင်း သူမရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
အေနီက “မတ်လ ၃၁ ရက်နေ့မှဖြစ်ပေမယ် ရီယိုမှာရှိတုန်းလေး နားရက်တစ်ရက်ရလို့ပါ။ တစ်ပတ်လောက်လိုသေးပေမယ့် မိသားစုတွေရော၊ သူငယ်ချင်းတွေပါ စုံတုန်းလေး ပွဲလေးတစ်ပွဲလောက် လုပ်လိုက်တာပါပဲ။ အဓိကကတော့ ကျွန်မတို့ ရီယိုမှာ ပါတီမလုပ်ဖြစ်တာ ၁၀ နှစ်ကျော်ပြီ၊ အရမ်းပျော်ဖို့ကောင်းတဲ့ ပါတီတစ်ခုပါပဲ။ ကျွန်မအတွက်တော့ တကယ်ထူးခြားတဲ့ မွေးနေ့လေးပါ။ I Love You”ဆိုပြီး ရေးခဲ့ပါတယ်။
အန်နီဟာ ကော်တင်ဟိုနဲ့ အသက် ၁၄ နှစ်အရွယ်ကတည်းက ဆုံတွေ့ခဲ့တာဖြစ်ပြီး သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အန်နီဟာ အခု ၂၉ နှစ်ပြည့်မွေးနေ့ကို ပန်းရောင်ဝမ်းဆက်နဲ့ ပွဲတစ်ခုလုံးကိုလည်း ပန်းရောင်တွေနဲ့ အလှဆင်ထားပါတယ်။ ဒီပွဲရဲ့ အထူးခြားဆုံးအရာတစ်ခုကတော့ သုံးထပ်ကြိုးကြာနီမွေးနေ့ကိတ်ကြီးပဲဖြစ်ပါတယ်။
ပါတီဟာ ကော်တင်ဟိုနိုင်ငံအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ မကစားမီ တနင်္ဂနွေနေ့က ကျင်းပခဲ့တာလို့ ယူဆရပါတယ်။ ဘရာဇီးအသင်းဟာ ချီလီ၊ ဘိုလီဗီးယားတို့နဲ့ ကစားရမှာဖြစ်ပေမယ့် ကာတာကမ္ဘာ့ဖလားကို ဝင်ခွင့်ရရှိထားပြီး ဖြစ်ပါတယ်။