
နာပိုလီမှာဆက်ရှိနေမယ်လို့ ကွန်တီ အတည်ပြု
အန်တိုနီယိုကွန်တီဟာ လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီအသင်းမှာ နည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး မကြာသေးမီက ဂျူဗင်တပ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတာကိုလည်း ငြင်းဆိုခဲ့ပါတယ်။ အီတလီလူမျိုးနည်းပြကတော့ အသင်းဥက္ကဋ္ဌ အော်ရီလီယိုဒီလော်ရန်တစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာကနေ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့ပြီး အသင်းရဲ့စီမံကိန်းမှာ သူ့ရဲ့ကတိကဝတ်ကို ခိုင်မာစေခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄-၂၅ ရာသီမှာ နာပိုလီအသင်းကို စီးရီးအေဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကွန်တီက ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကွန်တီက"ကျွန်တော် ဘယ်သူနဲ့မှ အဆက်အသွယ်မရှိခဲ့ပါဘူး။ တခြားအသင်းကနေ ဆက်သွယ်လာသူတွေကိုလည်း ရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့အရင်ဆုံးစကားပြောမယ်လို့ အမြဲတုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ နှစ်ဦးသဘောတူညီမှုမရရှိခဲ့မှသာ တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး စဉ်းစားမှာဖြစ်ပြီး နာပိုလီအသင်းနဲ့ နောက်ထပ်နှစ်နှစ်စာချုပ်ချုပ်ဆိုထားပါတယ်" လို့ ပြောပါတယ်။
ဒီလော်ရန်တစ်နဲ့ ဘယ်လိုတွေ့ဆုံခဲ့လဲလို့မေးမြန်းတဲ့အခါမှာတော့ "ကျွန်တော်တို့ရဲ့တွေ့ဆုံမှုမှာ အရာအားလုံးကို ရှင်းလင်းခဲ့ကြတယ်၊ စကားပြောဆိုတာက အဓိကကျပါတယ်။ သူက အမှားတွေ ဒါမှမဟုတ် ဘယ်လိုအခြေအနေတွေမှာ တိုးတက်အောင်လုပ်ရမယ်ဆိုတာကို နားလည်ခဲ့တယ်။ ကျွန်တော့်မှာ စာချုပ်ရှိပြီး ရှင်းလင်းချက်ရယူတာက အဓိကအချက်ပါပဲ။ ကျန်တာတွေက စိတ်ထိခိုက်စရာကောင်းတဲ့ ကောလာဟလတွေပါ၊ သူတို့က ကျွန်တော့်ရဲ့ခံယူချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ဘူး" လို့ ဖြေကြားခဲ့ပါတယ်။
လက်ရှိအခြေအနေတွေအားလုံး ပြေလည်သွားပြီဖြစ်တာကြောင့် နာပိုလီအသင်းဟာ လာမယ့် ကစားသမားအပြောင်းအရွှေ့ကာလနဲ့ ရာသီကြိုပြင်ဆင်မှုတွေအပေါ် အာရုံစိုက်သွားမှာဖြစ်ပြီး ပြည်တွင်းနဲ့ ဥရောပဖလားတွေကို ဆက်လက်ရယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။