
ယူနိုက်တက်အား ဝေဖန်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို “ဘာစီလိုနာအသင်းကိုသာ အာရုံစိုက်ပါ” လို့ တုံ့ပြန်လိုက်တဲ့ ဂယ်ရီ နဗီးလ်
ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းဆီ တစ်ရာသီ အငှားထွက်ခွာခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မှတ်ချက်တွေကို ဂယ်ရီ နဗီးလ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ပြီးနောက် ယူနိုက်တက်ဟာ “ဘယ်သူမှ မရှိတဲ့ နေရာ” မှာ ရောက်ရှိနေပြီး “အပြောင်းအလဲကာလ မစတင်သေးဘူး” လို့ ပြောခဲ့ပါတယ်။
နည်းပြ ရူဘင် အမ်မိုရင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ နဲ့သာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီနွေရာသီမှာ ယူနိုက်တက်ဟာ ဆုဖလားတွေ ရရှိဖို့ ရည်ရွယ်ချက်နဲ့ ဘရိုင်ယန် အမ်ဘူမို၊ မက်သီးယက်စ် ကွန်ညာ၊ ဒီယေဂို လီယွန်နဲ့ ဘန်ဂျမင် ဆက်စ်ကိုတို့ကို ခေါ်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ၁-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းသားသစ်တွေဖြစ်တဲ့ အမ်ဘူမိုနဲ့ ကွန်ညာတို့ရဲ့ ကစားပုံတွေကြောင့် အားရစရာ တချို့တော့ ရှိခဲ့ပါတယ်။ နဗီးလ်ကလည်း အသင်းရဲ့စွမ်းဆောင်ရည်မှာ အားရစရာအချက်တချို့ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ မှတ်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။
“ကျွန်တော် အဲ့ဒီကိစ္စကို လျစ်လျူရှုလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မှတ်ချက်တွေကို ဒီညမှာ မပြောချင်ပါဘူး။ သူက အသင်းမှာ ၁၀ နှစ်ကြာ ရှိခဲ့ပြီး အသင်းအပေါ် သက်ရောက်မှုရှိအောင် လုပ်နိုင်တဲ့ အခွင့်အရေး သူ့မှာ ရှိခဲ့ပါတယ်”
“ရူဘင် အမ်မိုရင်က ဒီနှစ်မှာ ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မားကပ်စ်အနေနဲ့ ဘာစီလိုနာကို အာရုံစိုက်သင့်ပါတယ်” လို့ နဗီးလ်က ပြောခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဂန္ထဝင်ဟောင်း နဗီးလ်ကတော့ အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက် ရှုံးနိမ့်ခဲ့ပေမဲ့ “မနေ့က အိုးလ်ထရက်ဖို့ဒ်မှာ အဲ့ဒီလူအစုအဝေးကို ကျွန်တော် ပထမဆုံးအကြိမ် ကြည့်ရတာပါ။ ပြီးတော့ ကျွန်တော် တွေးလိုက်မိတယ်။ ‘ကောင်းပြီ၊ ဒီမှာ ကျွန်တော်တို့မှာ အခွင့်အရေး ရနေပြီ၊ ဒါအဆင်ပြေပါတယ်”
“သူက ကစားသမားသစ်အချို့ကို ခေါ်ယူခဲ့ပါတယ်။ မေဆန် မောင့် ပြန်ရောက်လာခဲ့ပါတယ်။ လုခ် ရှောကိုလည်း ဗဟိုနောက်ခံလူနေရာမှာ ထည့်သွင်းကစားခဲ့တာက အကူအညီ ဖြစ်ခဲ့ပါတယ်။ ဒီစနစ်က ရှားပြီး ခက်ခဲတဲ့ စနစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်ညာ၊ မောင့်နဲ့ ဗဟိုနောက်ခံလူနေရာက လုခ် ရှောတို့ကို မြင်ရတဲ့အခါမှာတော့ ညီညွတ်မျှတမှု ရှိနေပါတယ်။ ကက်စ်မဲရိုးကလည်း ရုတ်တရက် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်လို ဖြစ်သွားပါတယ်” လို့ ပြောခဲ့ပါတယ်။
အမ်မိုရင်ရဲ့ ယူနိုက်တက်ဟာ လာမယ့်ပွဲမှာ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီရာသီရဲ့ ပထမဆုံး အမှတ်တွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။