The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ပယ်လ်မာကို မာရက်စ်ကာ ချီးကျူး

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယမန်နေ့ညက တော့တင်ဟမ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြသကစားနိုင်ခဲ့တဲ့အပြင် သွင်းဂိုး ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပယ်လ်မာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပွဲအစမှာပဲ ၂ ဂိုးအထိ စောစောစီးစီးခွင့်ပြုခဲ့ရပြီး တော့တင်ဟမ်အတွက် ဦးဆောင်ဂိုး ၂ ဂိုးကို ဆိုလန်ကီနဲ့ ကူလူဆက်ဗ်စကီးတို့က ၁၀ မိနစ်ဝန်းကျင်မှာပဲ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၇ မိနစ်မှာတော့ ချဲလ်ဆီးအတွက် ပထမဆုံးချေပဂိုးကို ဆန်ချိုက အဝေးကန်ချက်နဲ့သွင်းယူခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးထပ်မရလို့ ပထမပိုင်းမှာ ၂-၁ နဲ့ တော့တင်ဟမ်က ဦးဆောင်ထားနိုင်ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ကိုင်စီဒိုကို တော့တင်ဟမ်နောက်တန်းက ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ချဲလ်ဆီးက ပင်နယ်တီစတင်ရရှိခဲ့ပြီး ပယ်လ်မာက အမှားအယွင်းမရှိကန်သွင်းပြီး ဒုတိယချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တတိယမြောက်ဂိုးကိုတော့ ၇၃ မိနစ်မှာ ဖာနန်ဒက်ဇ်က ဗော်လီကန်ချက်နဲ့ ရယူပေးခဲ့ပြီး အနိုင်သေချာစေမယ့် စတုတ္ထမြောက်ဂိုးကိုတော့ သူ့ကြောင့်ရတဲ့ပင်နယ်တီကနေတစ်ဆင့် ပယ်လ်မာကပဲ လှလှပပ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ 

ပွဲပြီးကာနီး ၉၀+၆ မိနစ်မှာ တော့တင်ဟမ်အတွက် တတိယမြောက်ဂိုးကို ဆွန်ဟောင်မင်က သွင်းယူပေးခဲ့ပေမယ့် နောက်ထပ် ချေပဂိုးပြန်လည်သွင်းယူဖို့ အချိန်မလုံလောက်တော့တာကြောင့် ချဲလ်ဆီးကို ၃-၄ နဲ့သာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၄ မှတ်သာကွာဟတော့သလို၊ တတိယနေရာက အာဆင်နယ်ကိုလည်း ၂ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ နည်းပြမာရက်စ်ကာက “ကျွန်တော်ပယ်လ်မာနဲ့ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကတည်းက သိခဲ့ပါတယ်။ အခုချိန်မှာတော့ သူက တစ်ရာသီကို ဂိုး ၂၀-၃၀ လောက်သွင်းနေတဲ့ အကောင်းဆုံးကစားသမားဖြစ်နေပါပြီ။ သူကဘောလုံးကိုချစ်ပြီး၊ နှိမ့်ချတတ်တဲ့လူတစ်ယောက်ဖြစ်သလို၊ ထူးဆန်းတဲ့လူလည်းမဟုတ်ပါဘူး။ ဒီလိုနှိမ့်ချမှုရှိတာက ဒီနေ့ခေတ်ကစားသမားတွေအတွက် အရေးကြီးဆုံးပါပဲ။ အချို့ကစားသမားတွေက ထိပ်တန်းဖြစ်နေပေမယ့် အောင်မြင်မှုကို မထိန်းသိမ်းနိုင်ကြပါဘူး။ ပယ်လ်မာကတော့ အမြဲတမ်း တစ်သမတ်တည်းရှိနေပြီး ကျွန်တော်တို့ သူနဲ့အတူတူရှိနေရတာပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပယ်လ်မာဟာ ဒုတိယပင်နယ်တီသွင်းဂိုးကို နာမည်ကျော် ပန်နယ်ကာကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး အခုချိန်အထိ ပင်နယ်တီ ၁၂ ကြိမ်ဆက်တိုက် လွဲချော်ခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီး မာရက်စ်ကာက “ကျွန်တော်ဒီအသင်းကိုရောက်တာနည်းနည်းကြာနေပြီဖြစ်ပေမယ့် ပယ်လ်မာ ပင်နယ်တီလေ့ကျင့်နေတာမျိုး မမြင်ဖူးသေးပါဘူး။ သူက အမြဲတမ်း အုပ်စုလိုက်ပဲကစားနေတဲ့ သာမန်ကစားသမားလေးတစ်ယောက်ပါပဲ။ ထိပ်တန်းကစားသမားတွေက ကျွန်တော်တို့လို သာမန်ပုံစံနဲ့ပဲကစားကြပေမယ့် ကျွန်တော်တို့ကတော့ သူတို့လုပ်နိုင်တာတွေကို ဘာလို့လုပ်နိုင်ကြတာလဲလို့ မေးခွန်းထုတ်ရပါတယ်။ ပယ်လ်မာကထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ သူ့ဆီကနေ ဂိုးတွေအများကြီးမျှော်လင့်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။