
ချန်ပီယံလိဂ်ထက် ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုက ဂုဏ်သိက္ခာပိုင်းပိုမိုကြီးမားပါလိမ့်မယ်လို့ ဆိုလိုက်တဲ့ ကိုလ်ဝဲ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ နယူးဂျာစီမှာကျင်းပတဲ့ ဗိုလ်လုပွဲအတွင်း ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ချဲလ်ဆီးနောက်တန်းကစားသမားကိုလ်ဝဲက ဥရောပချန်ပီယံလိဂ်ထက် ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုဟာ ဂုဏ်သိက္ခာပိုင်းအရ ပိုမိုကြီးမားပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ကလပ်အသင်း ၃၂ ခုနဲ့အတူ တိုးချဲ့ပြင်ဆင်ပြောင်းလဲထားတဲ့ ဒုတိယအကြိမ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၉ ခုနှစ်အတွင်း ရက်သတ္တပတ်လေးပတ်ကြာကျင်းပသွားပါလိမ့်မယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားကိုလ်ဝဲက “ ဒါက ကျွန်တော်ရရှိဖူးတဲ့ဆုဖလားတွေအနက် အကြီးမားဆုံးဖြစ်ပါတယ်။ ကျွန်တော့်အထင် ကလပ်ကမ္ဘာ့ဖလားအောင်မြင်မှုက ချန်ပီယံလိဂ်ထက် ဂုဏ်သိက္ခာပိုင်း ပိုမိုကြီးမားပါလိမ့်မယ်။ ကျွန်တော်တို့က ဒီချန်ပီယံဆုကြီးကိုကိုင်မြှောက်နိုင်တဲ့ ပထမဆုံးကလပ်အသင်း ဖြစ်ခဲ့ပါပြီ။
လေးငါးရက်အတွင်း တစ်ပွဲနှုန်းကစားရတာကို အရမ်းပျော်ရွှင်မိပါတယ်။ ကွင်းလုံးပြည့်ပရိသတ်တွေရှေ့မှောက် ကစားရတဲ့ပွဲစဉ်တွေ၊ ပုံမှန်တွေ့ဆုံနေကျမဟုတ်တဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှုတွေဆိုတာ ရခဲလှတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားက ဗိုလ်လုပွဲမတိုင်ခင်အထိ ပေးဂိုးတစ်ဂိုးသာရှိခဲ့တဲ့ ပီအက်စ်ဂျီလို အံ့အားသင့်ဖွယ်ကလပ်အသင်းတစ်ခုကို အနိုင်ယူခဲ့တဲ့ အရှိန်အဟုန်ကောင်းတစ်ခုနဲ့အတူ ချဲလ်ဆီးအသင်း ရှေ့ဆက်သွားရပါလိမ့်မယ်လို့ ဆိုပါတယ်။
ကိုလ်ဝဲက “ ပြိုင်ပွဲမစတင်ခင်ကတည်းက ဒီပြိုင်ပွဲမှာ အနိုင်ရရှိဖို့ ရည်မှန်းထားတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ လူတွေက ကျွန်တော့်ကို ရူးများနေသလားဆိုပြီး ထင်ခဲ့ကြပါတယ်။ ဒါကြောင့် အခုအချိန်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆီ ဒီပုံစံအတိုင်း ခရီးဆက်သွားကြရမယ်”လို့ ကြွေးကြော်ခဲ့ပါတယ်။ ချဲလ်ဆီးက ချန်ပီယံလိဂ်ဆုဖလားကို ၂၀၁၂ ခုနှစ်၊ ၂၀၂၁ ခုနှစ်တို့မှာ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။