The network connection is lost.

Banner Image

ဂျက်ဆန်တစ်ယောက် အနီကတ်ပြစ်ဒဏ်ကနေ သင်ယူသွားရမယ်လို့ မာရက်စ်ကာပြော

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တနင်္ဂနွေနေ့ညက နယူးကာဆယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်အနေနဲ့ အဆိုပါ အနီကတ်ပြစ်ဒဏ်ကနေ သင်ယူသွားဖို့လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက်လက်ကစားဖို့ကျန်ရှိနေသေးပေမယ့် ဂျက်ဆန်ကတော့ အနီကတ်ပြစ်ဒဏ်ကြောင့် အဆိုပါပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရတော့မှာမဟုတ်ပါဘူး။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ပွဲကစားချိန် ၃၅ မိနစ်မှာ အသင်းဖော်ထံမှဘောလုံးကို လက်ခံရယူရာမှာ ညာဘက်လက်မောင်းနဲ့ နယူးကာဆယ်ကစားသမား ဆဗန်ဘော့မန်းကို ရိုက်မိခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်ဘရွတ်စ်က အဆိုပါပြစ်ဒဏ်ကျူးလွန်မှုအတွက် ကနဦးမှာ အဝါကတ်သာပြသခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးပြီးနောက်မှာတော့ အနီကတ်ပြန်လည်ပြသခဲ့တာဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပေမယ့် ဂျက်ဆန်က ၃ ပွဲပယ်ပြစ်ဒဏ်ကျခံနေရသလို၊ အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ ခရစ္စတိုဖာအန်ကွန်ကူနဲ့ မာ့ခ်ဂွီယူတို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့နေရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခက်ခဲခဲရုန်းကန်သွားရဖို့ရှိနေပါတယ်။ 

ဂျက်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး မာရက်စ်ကာက "ဒိုင်လူကြီးက အနီကတ်ပြသင့်တယ်ထင်ရင် ကျွန်တော်လည်း အဲ့လိုပဲထင်ပါတယ်။ ဒါကို လက်ခံရပါမယ်။ တစ်ခါတလေမှာ ပရိသတ်တွေရဲ့ဖိအားပေးမှုကြောင့် အနီကတ်ပြတာမျိုး ကြုံတွေ့ခဲ့ရဖူးပေမယ့် ဒီတစ်ခုကတော့ အဲ့လိုမဟုတ်ဘူးလို့ထင်ပါတယ်။ ကျွန်တော် အခုထိဂျက်ဆန်နဲ့စကားမပြောရသေးပါဘူး။ ဒါပေမယ့် နောက်နေ့ကျရင်တော့ ပြောမှာပါ"

"သူကတော့ ဒီရာသီမှာ ဆက်မပါဝင်နိုင်တော့ပါဘူး။ သူက ကျွန်တော်တို့ရဲ့ နံပါတ် ၉ တိုက်စစ်မှူးပါ။ ဒါကြောင့် သူ့နေရာမှာအစားထိုးဖို့ အဖြေရှာရပါမယ်။ မာ့ခ်ဂွီယူက တိုက်စစ်မှူးဖြစ်ပေမယ့် ၃ လလောက်အနားယူခဲ့ရပါတယ်။ ဒီလိုရှောင်လွှဲလို့မရတဲ့အခြေအနေတွေလည်း ဘောလုံးမှာဖြစ်တတ်ပါတယ်။ ဂျက်ဆန်အနေနဲ့ ဒီပြစ်ဒဏ်ကနေ သင်ယူနိုင်မယ်လို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် နယူးကာဆယ်ဟာ အမှတ်ပေးဇယားရဲ့ တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာကအာဆင်နယ်နဲ့  ရမှတ် ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အဆင့် ၅ နေရာမှာဆက်လက်ရပ်တည်နေပြီး နယူးကာဆယ်နဲ့ ၃ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။