The network connection is lost.

Banner Image

လီဗာပူးအသင်းရဲ့အရှိန်အဟုန်ကောင်းနေမှုအပေါ် စိုးရိမ်ပူပန်နေတဲ့ အန်ဇိုမာရက်စ်ကာ

လက်ရှိချန်ပီယံဘွဲ့ကိုဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းရဲ့အရှိန်အဟုန်အပေါ် ရပ်တန့်ပစ်နိုင်မယ့် ပြိုင်ဘက်အသင်း မရှိလာမယ့်အရေးကိစ္စက ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာအတွက် စိုးရိမ်ပူပန်စိတ်ကို ကြီးထွားလာစေပါတယ်။ အန်းစလော့ရဲ့ချန်ပီယံတွေက ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို အပြစ်အနာအဆာမရှိ စတင်ထားနိုင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ငါးမှတ်ဖြတ် ဦးဆောင်နေပါတယ်။

ဘရန်ဖို့ဒ်နဲ့ နှစ်ဂိုးစီသရေ၊ မန်ချက်စတာယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးက အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ခုနစ်မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ လီဗာပူးက ယမန်နှစ်ဘောလုံးရာသီမကုန်ဆုံးခင် လေးပွဲအလိုမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို အခုနွေရာသီ၊ အပြောင်းအရွှေ့ဈေးကွက်မှာလည်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုသွားခဲ့ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်၊ အီဆက်ခ်တို့လို ကစားသမားတွေအပါအဝင် ကစားသမားသစ်ခေါ်ယူမှုများစွာအတွက် ကြိုးကြာနီတွေက ပေါင်သန်း ၄၀၀ ကျော်အထိ သုံးစွဲခဲ့ပါတယ်။

မာရက်စ်ကာက “ အခုပုံစံအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် လီဗာပူးကို လိုက်မီဖို့ဆိုတာ ကျွန်တော်တို့အတွက်သာမက အခြားကလပ်အသင်းတွေအတွက်ပါ မဖြစ်နိုင်တော့ပါဘူး။ လီဗာပူးက ပြီးခဲ့တဲ့နှစ်မှာတင် အရမ်းကောင်းတဲ့အလုပ်တစ်ခုကို လုပ်ပြနေခဲ့ပြီး သူတို့ရဲ့ ကစားသမားသစ်ဝယ်ယူမှုတွေကလည်း ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲနဲ့ ချန်ပီယံလိဂ်ဆုဖလားအောင်ပွဲဆီ နောက်တစ်ကြိမ်ပြန်သွားမယ်ဆိုတဲ့ စိတ်ပိုင်းထားမှုကို ပြသပေးနေတယ်ဆိုတာ ရှင်းလင်းလွန်းပါတယ်”လို့ ပြောပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်မှုအပါအဝင် နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ ချဲလ်ဆီးက အင်္ဂါနေ့၊ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာ လင်ကွန်းစီးတီးနဲ့ ရင်ဆိုင်သွားရပါမယ်။