ဒဏ်ရာသက်သာလာပြီးနောက် လီဗာပူးပရိသတ်တွေဆီ သတင်းစကားတစ်ခုပေးပို့လာတဲ့ အလီဆင်
ဒီနေ့မနက်ပိုင်း၊ ဂျီရိုနာနဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ထိပ်တန်းစွမ်းဆောင်ရည်နဲ့အတူ လီဗာပူးအသင်းကို အမြင့်ဆုံးအထိ ပို့ဆောင်ပေးခဲ့ပြီးနောက် ဂိုးသမားအလီဆင်က ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝနေစေဖို့ လုပ်ဆောင်သွားရမယ့် အရာတွေကို အကျဉ်းချုံးပြောပြသွားခဲ့ပါတယ်။
ကျဉ်းမြောင်းတဲ့ရလဒ်ဖြစ်တဲ့ ၁-၀ ဂိုးဖြင့် အနီရောင်တပ်သားတွေ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စပိန်လာလီဂါကလပ်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်လာမှုတွေကို ဘရာဇီးသားက အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ အောက်တိုဘာလပွဲစဉ်အတွင်း တံကောက်ကြောဒဏ်ရာ ရရှိပြီးနောက် အခုပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်ပြန်လည်ပါဝင်ကစားလာတဲ့ အလီဆင်က ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေအောင် မပြတ်ကြိုးစားအားထုတ်နေတယ်လို့ ပြောခဲ့ပါတယ်။
ကြံ့ခိုင်မှုပိုင်းအဆင်ပြေနေမယ်ဆိုရင် လီဗာပူးအသင်းအတွက် ဦးစားပေးဂိုးသမားအဖြစ် အလီဆင်ကိုသာ သတ်မှတ်ထားတယ်ဆိုတဲ့ အန်းစလော့ရဲ့အတည်ပြုချက်နဲ့အတူ အသက်-၃၂ နှစ်အရွယ်ဂိုးသမားက လီဗာပူးအသင်းဂိုးပေါက်အတွက် ကလယ်ဟာဆီမှ ပွဲထွက်ဂိုးသမားနေရာကို ပြန်လည်ရယူခဲ့ပြီး မိုဆာလက်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အခုပွဲစဉ်အတွက် ရလဒ်ကောင်းတစ်ခု ဖန်တီးပေးသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အလီဆင်က “ အသင်းအတွက် ပြန်လာနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ အံ့ဖွယ်ခံစားချက်တစ်ခုပါပဲ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော့်အတွက် အတော်လေးရှည်လျားလွန်းခဲ့ပါတယ်။ ဒဏ်ရာအသေးစားတစ်ခု ရရှိပြီးနောက် နောက်ထပ်ကြီးမားတဲ့ဒဏ်ရာတစ်ခု ခံစားခဲ့ရပါတယ်။ ရက်သတ္တပတ်ကိုးခုလောက် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် gym မှာတော့ နေ့တိုင်း ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့ပါတယ်။
ဒဏ်ရာတစ်ခုရရှိချိန်တိုင်းမှာ ပိုပြီးကြိုးစားပေးရပါတယ်။ ကိုယ်ကစားခွင့်ရရှိချိန်တိုင်းမှာ တက်နိုင်သလောက် အကောင်းဆုံးကြိုးစားကစားပေမယ့် ဒဏ်ရာထပ်ရလာရင်တော့ အကြောင်းပြချက်ပေးစရာ မရှိတော့ပါဘူး။ ကြိုးစားပြီးတော့ ပြင်ဆင်ထားရပါမယ်။ ဒါက ရာသီလယ်ကာလမှာ ရာသီကြိုတစ်ခုလိုမျိုး ဖြစ်နေပါတယ်။ အခုလိုပြန်လာနိုင်တဲ့အတွက် ကြံ့ခိုင်မှုပိုင်းဆိုင်ရာနည်းပြတွေ၊ ဆရာဝန်တွေနဲ့ ကျွန်တော်နဲ့အတူတကွ အလုပ်လုပ်ခဲ့ရသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်”လို့ ပြောပါတယ်။