
လာလီဂါအသင်းမှ ထွက်ခွာပြီးနောက် စွန့်စားခန်းအသစ်အတွက် ပြင်ဆင်နေတဲ့ အက်စ်ပီကွီတာ
ခံစစ်မှူး ဆီဇာအက်စ်ပီကွီတာဟာ အက်သလက်တီကို မက်ဒရစ်တွင် နှစ်နှစ်အကြာ ကစားပြီးတွင် ထွက်ခွာခဲ့ပြီးနောက် ဆုဖလားများ မရရှိခဲ့ခြင်းအတွက် နောင်တရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားဟောင်းက သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် စပိန်ကလပ်က စာချုပ်သက်တမ်းတိုးရန် မကမ်းလှမ်းခဲ့သဖြင့် တနင်္လာနေ့က ကလပ်မှ ထွက်ခွာခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် အက်စ်ပီကွီတာဟာ ၂၀၂၃ ခုနှစ်တွင် ချဲလ်ဆီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာကာ စပိန်ရှိ မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ အက်သလက်တီကို မက်ဒရစ် အတွက် ၅၄ ပွဲ ကစားခဲ့သော်လည်း ပြီးခဲ့တဲ့ရာသီတွင် ရော်ဘင်လီနော်မန် နှင့် ကလယ်မန့် လန်းဂ်လက် ကဲ့သို့ လူငယ်ကစားသမားများနောက်တွင် ပွဲထွက်ခွင့် နည်းသွားခဲ့ပြီးနောက် လာလီဂါပွဲ ၁၄ ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ သို့သော်လည်း မာဆေးလ်နှင့် ချဲလ်ဆီးတို့တွင် အောင်မြင်မှုအရသာ ခံစားခဲ့ရသူအနေဖြင့် သူ့ရဲ့ဇာတိမြေသို့ ပြန်လာချိန်တွင် ဆုဖလားအချို့ ရရှိရန် မျှော်လင့်ခဲ့သော်လည်း ထပ်မံ မရရှိခဲ့ခြင်းအတွက် နောင်တရနေပါတယ်။
"ရာသီနှစ်ခုအကြာမှာ နှုတ်ဆက်ဖို့ အချိန်ရောက်ပါပြီ။ အက်သလက်တီကိုမှာ ကျွန်တော့်ရဲ့ အချိန်က တိုတောင်းခဲ့ပေမယ့် အသင်းအတွက် ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှုနဲ့ သင်ယူမှုတွေ အပြည့်ရှိခဲ့ပါတယ်။ ပထမဆုံးနေ့ကတည်းက အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကြိုဆိုခံရတယ်လို့ ခံစားခဲ့ရပါတယ်။ ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ မယုံနိုင်စရာကောင်းတဲ့ လူအုပ်စုနဲ့ နေ့စဉ်ဘဝကို မျှဝေခွင့်ရခဲ့တာ ကျွန်တော် ကံကောင်းပါတယ်။ အစကတည်းက ကျွန်တော့်ကို ဒီမိသားစုရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရစေခဲ့တဲ့ သူတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ကလပ်မှာ အလုပ်လုပ်တဲ့ လူတိုင်းနဲ့ အမြဲတမ်း ပံ့ပိုးပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ဒီတံဆိပ်ကို သတ္တိနဲ့ နှလုံးသားနဲ့ အချိန်တိုင်း ကာကွယ်ဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဆုဖလားတွေ ရရှိအောင် ကူညီပေးနိုင်ခဲ့ရင်လို့ ဆန္ဒရှိပေမယ့် ဒီအတွေ့အကြုံကို ရရှိစေခဲ့လို့ ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်" လို့ သူက ရေးသားထားပါတယ်။
သြဂုတ်လတွင် အသက် ၃၆ နှစ်ပြည့်တော့မည့် အက်စ်ပီကွီတာက ကလပ်အသစ်တစ်ခုကို ရှာဖွေရမှာဖြစ်ပါတယ်။ သို့သော်လည်း ချဲလ်ဆီးကို လေးစားသည့်အနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လာခြင်းကို ချန်လှပ်ထားပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။