The network connection is lost.

Banner Image

တားမြစ်ဆေးသုံးခဲ့တာကြောင့် ဘောလုံးပြိုင်ပွဲတွေကနေ အပယ်ခံထားရတဲ့ မူဒရစ်ခ်

ချဲလ်ဆီးစတား မူဒရစ်ခ်တစ်ယောက် ဆေးသုံးစွဲခဲ့တယ်လို့ထင်ရှားခဲ့တာကြောင့် ဘောလုံးပြိုင်ပွဲတွေကနေ အပယ်ခံထားရတယ်လို့ သိရပါတယ်။ ယူကရိန်းသားဟာ နိုဝင်ဘာ ၂၈ ရက်နေ့နောက်ပိုင်းကတည်းက ချဲလ်ဆီးအသင်းအတွက် မပါဝင်တော့တာဖြစ်ပါတယ်။

ကနဦးမပါဝင်မှုဟာ ဖျားနာမှုကြောင့်လို့ သိရပေမယ့် အခုနောက်ပိုင်းမှာတော့ ကစားသမားဟာ ဆေးစစ်ခဲ့ရာမှာ ဆေးသုံးခဲ့တယ်လို့ သိရှိခဲ့ရတာဖြစ်ပါတယ်။ အက်သလက်သတင်းဌာနကတော့ မူဒရစ်ခ်ဟာ Meldonium ဆိုတဲ့နှလုံးအတွက် အသုံးပြုရာမှာ သုံးတဲ့ဆေးတစ်မျိုးကို သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါဆေးဟာ ကြံ့ခိုင်မှုအပြင် အားကစားတွေမှာ ပြန်လည်သန်မာလာမှုကို အကျိုးပြုစေတာဖြစ်ပါတယ်။ “ချဲလ်ဆီးအနေနဲ့ မူဒရစ်ခ်ရဲ့ဆေးသုံးစွဲမှုအတွက် အက်ဖ်အေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ အသင်းဘက်ကကော မူဒရစ်ခ်ဘက်ကပါ အက်ဖ်အေရဲ့စစ်ဆေးမှုအစီအစဉ်တွေမှာ အပြည့်အဝပူးပေါင်းသွားမှာပါ။

ဒါ့အပြင် တာဝန်ရှိသူတွေနဲ့ အလုပ်တွဲလုပ်ပြီး အဖြေတစ်ခုရှာဖွေသွားမှာပါ”လို့ ချဲလ်ဆီးဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မူဒရစ်ခ်ကလည်း လူမှုမီဒီယာကနေ “အက်ဖ်အေဘက်က ပွဲပယ်ထားတယ်ဆိုတဲ့သတိပေးချက်ကို ကျွန်တော် ရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါက လုံးဝအံ့အားသင့်စရာပါ။ကျွန်တော် ပွဲပယ်ခံရတာ ဒါမှမဟုတ် ဘာစည်းမျည်းမှမချိုးဖောက်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ဘူးဆိုတာ သိပါတယ်။

မကြာခင်မှာ ကွင်းထဲကိုပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အခုတော့ အခြေအနေတွေကို အတိအကျမသိရသေးတာကြောင့် ဘာမှမပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် မကြာခင်မှာ ပြန်လာမှာပါ”လို့ မူဒရစ်ခ်က တင်ခဲ့ပါတယ်။ မူဒရစ်ခ်ဟာ ၂၀၂၃ ဇန်နဝါရီတုန်းက ပေါင် ၈၉ သန်းနဲ့ ရှက်တာအသင်းထံကနေပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၇၃ ပွဲမှာ ၁၀ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အက်ဖ်အေဘက်ကတော့ ကစားသမားကို စစ်ဆေးမှုတွေထပ်မံပြုလုပ်ဦးမှာဖြစ်ပြီး မကြာခင်မှာ အတိအကျထွက်ပေါ်လာဖွယ်ရှိနေပါတယ်။