
ပေါင်ဒဏ်ရာကြောင့် ၃ လလောက်နားရတော့မယ့် ချဲလ်ဆီးစတားသစ်
ချဲလ်ဆီးကစားသမားအသစ် အက်ဆူဂိုတစ်ယောက် ပေါင်ဒဏ်ရာကြောင့် ၃ လလောက်နားရတော့မယ်လို့ သိရပါတယ်။ အက်ဆူဂိုဟာ ပေါ်တူဂီယူ - ၂၁ အသင်းအတွက် ကစားပေးရင်းဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူရမှာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေကို အပြည့်အဝစစ်ဆေးခဲ့ပြီးနောက် ခွဲစိတ်မှု လိုအပ်ခဲ့တာကြောင့် လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနကတော့ အက်ဆူဂိုအနေနဲ့ လာမယ့် ၂၀၂၆ မတိုင်ခင်အထိ နားရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စပို့တင်းကနေ ပေါင် ၁၈.၅ သန်းနဲ့ပြောင်းလာပြီးနောက် အက်ဆူဂိုဟာ ချဲလ်ဆီးအတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ပွဲပါဝင်ကစားခဲ့ပါတယ်။ ချဲလ်ဆီးဘက်က အက်ဆူဂိူကို ကိုင်စီဒိုနေရာအတွက် လျာထားခဲ့ပေမယ့် အခုအခြေအနေကြောင့် မာရက်စ်ကာအနေနဲ့ အစီအစဉ်တွေကို ပြောင်းလဲရဖွယ်ရှိနေပါတယ်။
“ကံမကောင်းစွာနဲ့ နိုင်ငံအသင်းအတွက်ကစားပေးရင်း ကျွန်တော်ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော့်ပေါင်မှာ တစ်စုံတစ်ခုခံစားခဲ့ရပါတယ်။ အခုလိုမျိုးရာသီအစမှာဖြစ်တာက စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော် မကြာခင်မျာ အသန်မာဆုံးပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ အက်ဆူဂိုက အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အင်္ဂလန်သား ကိုဝဲလ်ကို အရွတ်ကြောဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရသလို ဒီလပ်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာမတိုင်ခင် အနားယူရမှာဖြစ်ပါတယ်။