ဒဏ်ရာပြဿနာကြောင့် တစ်လကြာအနားယူရဦးမယ့် ချဲလ်ဆီးစတား လာဗီယာ
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ရိုမီရိုလာဗီယာဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် တစ်လကြာအနားယူသွားရဦးမယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကစားရဖို့ရှိပေမယ့် နိုင်ငံတကာပွဲစဉ်တွေကျင်းပသွားမယ့် ရက်သတ္တပတ် ၂ ပတ်ကြာ အနားရသွားမှာဖြစ်လို့ ထိခိုက်နစ်နာမှု ကို လျော့ပါးစေမှာဖြစ်ပါတယ်။
လာဗီယာဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့ရောက်ရှိလာပြီးနောက် ချက်ချင်းပဲဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ယခုကြုံတွေ့ခဲ့ရတဲ့ဒဏ်ရာဟာ အသင်းအတွက်အလွန်အရေးကြီးတဲ့အချိန်ဖြစ်နေခဲ့ပါတယ်။ ယခုလအတွင်း ချဲလ်ဆီးဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် တစ်လကြာအနားယူရမယ့် လာဗီယာကတော့ အဆိုပါပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။
လက်ရှိဒဏ်ရာဟာ အစပိုင်းမှာ စိုးရိမ်သလောက်ပြင်းထန်မှုမရှိခဲ့ပေမယ့် ယခုအခါမှာတော့ ပိုမိုဆိုးဝါးလာခဲ့တာကြောင့် ကစားသမားဟာ ချဲလ်ဆီးရဲ့ပွဲစဉ် ၆ ပွဲလောက်အထိကို လွဲချော်သွားမှာလည်းဖြစ်ပါတယ်။ လက်ရှိချဲလ်ဆီးရဲ့ကွင်းလယ်မှာ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒဏ်ရာမှပြန်လာနိုင်ဖို့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှ နုတ်ထွက်ထားသလို၊ ကိုင်စီဒိုကလည်း ဒဏ်ရာမပြင်းထန်တာကြောင့် လက်ရွေးစင်အသင်းနဲ့ပူးပေါင်းခဲ့ပါတယ်။
နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အန်ဒရေဆန်းတို့စ်ကတော့ အသင်းမှာအံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူခဲ့ရပေမယ့် ယခုအခါမှာတော့ ပုံမှန်ခြေစွမ်းကို ပြသထားနိုင်ပြီဖြစ်ပါတယ်။လာဗီယာအနားယူနေရချိန်၊ ကိုင်စီဒိုနဲ့ ဖာနန်ဒက်ဇ်တို့ကလည်း ကြံ့ခိုင်မှုတည်ဆောက်သွားရမှာဖြစ်လို့ ဆန်းတို့စ်ဟာ ချဲလ်ဆီးရဲ့ကွင်းလယ်အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။
သတင်းတွေအရ ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေမှာ ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒိုတို့ကို အချိန်မီအသုံးမပြု နိုင်ဘူးဆိုရင်တော့ အသင်းခေါင်းဆောင်လည်းဖြစ်၊ နောက်ခံလူလည်းဖြစ်တဲ့ ရီစီဂျိမ်းစ်ကို ကွင်းလယ်နေရာသို့ ပြောင်းလဲကစားစေနိုင်တယ်လို့ သိရပါတယ်။