The network connection is lost.

Banner Image

ဂျက်ဆန်ကိုရောင်းချဖို့ တန်ကြေးသတ်မှတ်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေတဲ့ အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကို အပြီးသတ်ရောင်းချဖို့ပြင်ဆင်လာပြီး ယခုအခါမှာတော့ ကစားသမားရဲ့တန်ကြေးကို စတင်သတ်မှတ်လာခဲ့ပါတယ်။ ဂျက်ဆန်ဟာ ၂၀၂၃ ခုနှစ်မှာ ဗီလာရီးရဲလ်မှ ချဲလ်ဆီးသို့ ပေါင် ၃၂ သန်းနဲ့ စတင်ပြောင်းရွှေ့ခဲ့ပြီး ယခုချိန်အထိတော့ ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ဆီနီဂေါလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး ဒုတိယရာသီဝက်အတွင်း ၁ ဂိုးသာသွင်းယူနိုင်တဲ့အထိ ဂိုးသွင်းနှုန်းကျဆင်းခဲ့ပါတယ်။ 

ဂျက်ဆန်ဟာ ဂိုးပေါက်ရှေ့မှာ ဖြုန်းတီးမှုတွေပြုလုပ်နေရုံသာမက ဖလာမင်ဂိုကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပါဝင် ချဲလ်ဆီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ အနီကတ် ၂ ကတ်အထိ ပြသခံခဲ့ရပါတယ်။ ယခုနွေရာသီအတွင်း ချဲလ်ဆီးဟာ အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားခဲ့ပြီး နည်းပြအန်ဇိုမာရက်စ်ကာကလည်း ဒီလပ်ကိုသာ အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။ 

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဂျွန်အိုဘီမီခေးလ်က မာရက်စ်ကာအနေနဲ့ ဒီလပ်အစား ဂျက်ဆန်ကိုသာ ဦးစားပေးရွေးချယ်သွားနိုင်ကြောင်း ပြောကြားခဲ့ပေမယ့် ယခုအခါမှာတော့ စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ ဆီနီဂေါလက်ရွေးစင်ကို ရောင်းချဖို့ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့က စီးရီးအေကလပ် ဂျူဗင်တပ်စ်ဟာ ဂျက်ဆန်ကိုခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုကလည်း အမည်မဖော်လိုတဲ့ပရီးမီးယားလိဂ်ကလပ်တွေဟာ အသက်-၂၄ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေကြောင်း ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ 

ချဲလ်ဆီးကတော့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အထိသတ်မှတ်ထားပြီး ဂျူဗင်တပ်စ်အနေနဲ့ကတော့ အဆိုပါဈေးနှုန်းမှာ ဝယ်ယူသွားဖွယ်မရှိပါဘူး။ ဂျက်ဆန်အနေနဲ့ ဖလာမင်ဂိုနဲ့ပွဲမှာအနီကတ်ပြသခံခဲ့ရပေမယ့် ဖလာမင်ဂိုနည်းပြ ဖိလစ်ပီလူးဝစ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

လူးဝစ်က "ပထမဆုံးပြောချင်တာကတော့ ကျွန်တော်ချဲလ်ဆီးကိုချစ်ပါတယ်။ ကျွန်တော်အဲဒီမှာ ၁ ရာသီပဲနေခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားတွေကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့လည်း တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးဆိုတာ ဘယ်လောက်အထိ ထူးခြားတဲ့အသင်းဖြစ်တယ်ဆိုတာနဲ့ ကလပ်အတွင်းဖိအားတွေကြောင့် ဆုဖလားတွေရဖို့ ဘယ်လောက်အထိလိုအပ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်"

"နီကိုးလက်စ်ဂျက်ဆန်က ကစားသမားကောင်းတစ်ယောက်ပါ။ အသက်ငယ်ပါသေးတယ်။ ချဲလ်ဆီးရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ သူ့မှာအလားအလာကောင်းတွေရှိပါတယ်။ ဒီလိုအမှားလေးတွေကို သူကျော်ဖြတ်သွားနိုင်မှာပါ။ ဒီအနီကတ်ပြစ်ဒဏ်က ထိုက်တန်တယ်လို့ထင်ပါတယ်။ ကျွန်တော် ဒီပြစ်ဒဏ်ကျူးလွန်မှုကို တီဗီကနေပြန်ကြည့်ခဲ့တာမဟုတ်ဘဲ ကွင်းထဲမှာ တိုက်ရိုက်မြင်တွေ့ခဲ့တာပါ။ ဒါပေမယ့် ဒီလိုပြစ်ဒဏ်လေးတွေက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာနိုင်တဲ့ ဂျက်ဆန်အတွက် အသေးအဖွဲဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။