
ထိပ်တန်းအသင်းကြီးတွေလိုချင်တဲ့ သူတို့စတားအတွက် တန်ကြေးသတ်မှတ်လိုက်တဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီးတွေလိုချင်တဲ့ တိုက်စစ်မှူး အန်ကူကူအတွက် တန်ကြေးသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အန်ကူကူဟာ ၂၀၂၃ နွေရာသီတုန်းက လိုက်ပ်ဇစ်ထံကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်မှာတုန်းက အန်ကူကူဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၂၀၂၁ - ၂၂ ရာသီမှာ ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သလို နောက်ရာသီမှာ လိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။
ပီအက်စ်ဂျီစတားဟောင်းဟာ ပထမရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ၁၄ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒဏ်ရာပြဿနာမရှိပေမယ့် စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်သားဟာ ဥရောပမှာ ခြေစွမ်းပြသနိုင်ပေမယ့် ချဲလ်ဆီးပရိသတ်တွေကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို သဘောမကျဖြစ်နေပါတယ်။
ဇန်နဝါရီတုန်းက အန်ကူကူကို အသင်းအချို့က ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက လန်ဒန်မြေမှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့က မသေချာပေမယ့် အန်ကူကူတစ်ယောက် ဇန်နဝါရီအပြောင်းအရွှေ့အပြီးကတည်းက ရုန်းကန်နေရတာဖြစ်ပါတယ်။ မာရက်စ်ကာကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ပြင်သစ်သားမပါဝင်မှုဟာ နည်းစနစ်ပိုင်းဆိုင်ရာကြောင့်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
ပြင်သစ်ကလာတဲ့သတင်းတွေအရ အန်ကူကူဟာ နွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အန်ကူကူကလည်း ဂျာမနီမြေကိုပြန်ဖွယ်ရှိနေပြီး ပေါင် ၃၅ သန်းလောက်ရရင် ချဲလ်ဆီးဘက်က ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးနောက်ခံလူဟောင်း လီဘိုးဝါးကလည်း အန်ကူကူရဲ့အနာဂတ်ဟာ ချဲလ်ဆီးမှာမရှိတော့ဘူးလို့ သတိပေးခဲ့ပါတယ်။
“အန်ကူကူအနာဂတ်က ချဲလ်ဆီးမှာမရှိတော့ပါဘူး။ အဲ့တာကို မြင်ရတာ ဝမ်းနည်းစရာပါ။ ဘာလို့လဲဆိုတော့ သူက အရမ်းအရည်အချင်းရှိတဲ့ကစားသမားပါ။ သူက ပြင်သစ်မှာကော လိုက်ပ်ဇစ်မှာပါ ထူးချွန်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရပါတယ်။ အန်ကူကူရောက်လာတုန်းက ကျွန်တော် အများကြီးမျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ သူ့အနေနဲ့ အသင်းကနေထွက်ခွာရမယ့်အချိန်ပါ။ ချဲလ်ဆီးမှာ အထိုင်မကျတာကြောင့် သူအသင်းပြောင်းရမယ့်အချိန်ပါ။ အနာဂတ်မှာ သူအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ထပ်အသင်းသစ်မှာ ပုံစံကောင်းပြန်လည်ရှာဖွေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ လီဘိုးဝါးက ပြောကြားခဲ့ပါတယ်။ အန်ကူကူဟာ အခုအပတ် အဲဗာတန်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။