မူဒရစ်ခ်တစ်ယောက် အသင်းရဲ့လေ့ကျင့်ရေးကွင်းသို့ပြန်ရောက်နေတယ်ဆိုတဲ့သတင်းတွေကို ရိုဆင်နီယာငြင်းဆန်
ချဲလ်ဆီးနည်းပြသစ် လီယမ်ရိုဆင်နီယာက တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ အသင်းရဲ့ကြယ်ပွင့် မူဒရစ်ခ်တစ်ယောက် လေ့ကျင့်ရေးကွင်းသို့ပြန်လည်ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လာခဲ့ပြီး သင့်တော်တဲ့အချိန်မှသာ ကစားသမားနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
မူဒရစ်ခ်ဟာ ချဲလ်ဆီးအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဟိုင်ဒန်ဟိမ်းနဲ့ပွဲစဉ်မှာ နောက်ဆုံးကစားပေးခဲ့တာဖြစ်ပြီး အဆိုပါပွစဉ်နောက်ပိုင်း တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက မူဒရစ်ခ်ကို လိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လောလောဆယ်မှာ ဘောလုံးကစားခွင့်မပေးဘဲ ၄ နှစ်အထိ ပိတ်ပင်နိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မူဒရစ်ခ်နဲ့ပတ်သက်ပြီး ရိုဆင်နီယာက "ကျွန်တော် သူနဲ့မဆက်သွယ်ရသေးပါဘူး။ ကျွန်တော် သေချာပေါက်လုပ်ချင်နေတဲ့အရာတစ်ခုရှိပါတယ်။ ဒါပေမယ့် ကျွန်တော်မလုပ်နိုင်တဲ့အရာတွေလည်းရှိနေဆဲပါ" "မူဒရစ်က ထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူအခု အရမ်းခက်ခဲတဲ့အချိန်ကိုဖြတ်သန်းနေရပါတယ်။ ကျွန်တော့်အတွက်ရော၊ ကလပ်အတွက်ရော၊ သူ့အတွက်ပါ သင့်တော်တဲ့အချိန်ကို ရောက်လာရင်သူနဲ့ ဆွေးနွေးသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဘယ်အချိန်မှာ မူဒရစ်ခ်နဲ့ ဆွေးနွေးမှုပြုလုပ်သွားမလဲဆိုတဲ့ မေးခွန်းကိုတော့ ရိုဆင်နီယာက "အသင်းဘုတ်အဖွဲ့၊ အားကစားဒါရိုက်တာတွေနဲ့ ဆွေးနွေးပြီးတဲ့အချိန်၊ ပြီးတော့ သူ့ရဲ့ကစားသမားဘဝအပေါ် ကျွန်တော်က အပြုသဘောဆောင်တဲ့သက်ရောက်မှုပေးနိုင်မယ့်အချိန်မျိုးမှာ ဆွေးနွေးမှုပြုလုပ်သွားပါမယ်" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။