နည်းပြစတီဖင်ဘောင်ဂတ်နဲ့ လမ်းခွဲလိုက်ပြီလို့ အတည်ပြုကြေညာခဲ့တဲ့ ယူနီယံဘာလင်
စနေညပိုင်း၊ အမှတ်ပေးဇယားအောက်ခြေရှိ ဟိုင်ဒင်ဟိမ်းကို ရှုံးနိမ့်ပြီးနောက် ယူနီယံဘာလင်အသင်းက နည်းပြဘောင်ဂတ်နဲ့ လမ်းခွဲပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။ ဒါ့အပြင် လက်ထောက်နည်းပြတွေဖြစ်တဲ့ ဒါနီလိုဒီဆူဆာနဲ့ ကယ်ဗင်မက်ကန်နာတို့လည်း အသင်းကမှ ထွက်ခွာဖို့ ရှိနေပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဘောင်ဂတ်က နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၁၄ ခုအနက် နှစ်ပွဲသာ အနိုင်ရရှိပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဟိုင်ဒင်ဟိမ်းကို ရှုံးနိမ့်မှုကတော့ အဆုံးအဖြတ် ဖြစ်သွားခဲ့ပြီး အခုဆိုရင် ယူနီယံဘာလင်က တန်းဆင်း/တန်းတက်ပလေးအော့ဖ်နေရာနဲ့ ခုနစ်မှတ်သာ ကွာဟပါတော့တယ်။
"စတီဖင်ဘော်ဂတ်၊ ဒါနီလိုဒီဆူဆာနဲ့ ကယ်ဗင်မက်ကင်နာတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းခွင်မှာရော၊ ကိုယ်ရေးကိုယ်တာမှာပါ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ယူနီယံဘာလင်အသင်းရဲ့အမျိုးသားစီနီယာအသင်းဒါရိုက်တာဟော့စ်ဟဲလ်တ်က ပြောကြားခဲ့ပါတယ်။
ရာသီလက်ကျန်ပွဲစဉ်တွေကိုတော့ ယူနီယံဘာလင် ယူ-၁၉ နည်းပြဟောင်းဖြစ်ပြီး အမျိုးသမီးအသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူဖို့ရှိနေတဲ့ မာရီ-လူဝစ်အီတာက ဦးဆောင်သွားပါလိမ့်မယ်။ ဒါကြောင့် သူမက ဘွန်ဒက်စ်လီဂါကလပ်အသင်းတစ်ခုကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။
"အခုလိုအခြေအနေမျိုးမှာ အတူတကွလက်တွဲညီညီလုပ်ဆောင်နိုင်တယ်ဆိုတာ ယူနီယံဘာလင်အသင်းရဲ့အားသာချက်တစ်ခု ဖြစ်ခဲ့သလို အခုထိလည်း အဲဒီအတိုင်းပါပဲ။ ကျွန်မတို့အသင်းနဲ့အတူ အရေးကြီးတဲ့ရမှတ်တွေကို ရယူနိုင်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်" လို့ သူမက ဆိုပါတယ်။