The network connection is lost.

Banner Image

ထိပ်တန်းပါရမီရှင်ကစားသမားအတွက် ပေါင်သန်း ၁၀၀ တန်ကြေးသတ်မှတ်မှုကို သဘောတူပေးလိုက်တဲ့ မာရက်စ်ကာ

အန်ဇိုမာရက်စ်ကာက အခုသီတင်းပတ်အတွင်း ချဲလ်ဆီးရဲ့ဆယ်ကျော်သက်ကြယ်ပွင့်အက်စ်တီဗာအိုအတွက် ကျွမ်းကျင်သူတွေကိုယ်တိုင် ပေါင်သန်း ၁၀၀ ကျော်အထိ တန်ကြေးသတ်မှတ်မှုကို နားလည်ပေးနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘောလုံးသုတေသနကျွမ်းကျင်သူများအဖွဲ့ (CIES)က သူတို့ရဲ့ကစားသမားတန်ဖိုးအကဲဖြတ်ပုံနည်းလမ်းအရ အသက်-၁၈ နှစ်အရွယ် အက်စ်တီဗာအိုအတွက် ပေါင် ၁၀၃ ဒဿမ ၈ သန်းအထိ သတ်မှတ်ထားတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

CIES ရဲ့အဆိုအရ အက်စ်တီဗာအိုက ခန့်မှန်းနှုန်းထား ပေါင် ၃၀၇ ဒဿမ ၄ သန်းတန်ကြေးရှိ စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် လမိုင်းယာမယ်လ်ရဲ့နောက်၊ ကမ္ဘာ့ဘောလုံးလောကရဲ့ဒုတိယမြောက်တန်ဖိုးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ အက်စ်တီဗာအိုက ချဲလ်ဆီးအတွက် နောက်ဆုံးကစားခဲ့တဲ့ရှစ်ပွဲမှာ လေးဂိုးအထိ သွင်းယူခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်လာပါတယ်။

သူက ဝုဗ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေညပိုင်းပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် ကွင်းတွင်းရောက်ရှိလာပြီး တစ်မိနစ်မျှအကြာ ချဲလ်ဆီးအတွက် ဂျော်အိုပက်ဒရိုသွင်းယူတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ အက်စ်တီဗာအိုအတွက် ပေါင်သန်း ၁၀၀ ကျော်အထိ တန်ကြေးသတ်မှတ်ထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ မာရက်စ်ကာက “ ခင်ဗျားတို့လည်း ဒါကို မြင်တွေ့နိုင်မယ်ဆိုတာ သေချာပါတယ်။ အက်စ်တီဗာအိုက ထိပ်တန်းပါရမီရှင်ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့လည်း သူ့ကို အသင်းမှာ နေရာကျသွားဖို့နဲ့ မှန်ကန်တဲ့ပွဲကစားချိန်မိနစ်တွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သူကိုယ်တိုင်လည်း အံ့မခန်းလုပ်ဆောင်နေပါတယ်။ လာမယ့်ငါးနှစ်မှ ၁၀ နှစ်အတွင်း ဒီကလပ်အသင်းအတွက် အက်စ်တီဗာအိုက ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

စက်တင်ဘာလနောက်ပိုင်း၊ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရရှိတော့တဲ့အက်စ်တီဗာအိုအတွက် ပွဲကစားချိန်တွေစီမံပေးဖို့ ကြိုးစားနေချိန်မှာပဲ မာရက်စ်ကာက ချဲလ်ဆီးပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့အတူ ဆယ်ကျော်သက်အက်စ်တီဗာအိုအတွက် သက်ရောက်မှုတွေတိုးပွားလာနိုင်မှုကို လျှော့ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လက်ခံထားခဲ့ပါတယ်။

အက်စ်တီဗာအိုက “ အမှန်ပါပဲ၊ လုံးဝသေချာပါတယ်။ ပရိသတ်တွေဆိုတာ အက်စ်တီဗာအိုတို့၊ ကိုးလ်ပယ်လ်မာတို့လို ကစားသမားတွေကို မြင်တွေ့ချင်လို့ ကွင်းဝင်ကြေးတွေ ပေးဆောင်နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် အကြိမ်များစွာပြောခဲ့ပြီးပါပြီ။ ဒီကစားသမားတွေ ကွင်းတွင်းမှာရှိနေချိန်ဆိုရင် ပရိသတ်တွေ ပျော်ရွှင်ကြပါတယ်။

တစ်ခုတည်းသောကွာဟချက်ကတော့ ဘရာဇီးမှရောက်ရှိလာတဲ့ အက်စ်တီဗာအိုအတွက် အနည်းငယ်အသားကျဖို့ လိုအပ်နေသေးတယ်ဆိုတာပါပဲ။ ဖြည်းဖြည်းချင်းတော့ ဖြစ်လာပါလိမ့်မယ်။ အနာဂတ်မှာတော့ အက်စ်တီဗာအိုက ကျွန်တော်တို့အတွက် ပွဲထွက်ကစားပေးပါလိမ့်မယ်”လို့ ပြောပါတယ်။