
တပည့်ဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက တပည့်ဖြစ်သူ မာဒူကီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပေမယ့် အာဆင်နယ်က ချိတ်ဆက်နေတဲ့အပေါ် တဲ့တိုးပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ တောင်ပံနေရာအတွက် မာဒူကီကိုချိတ်ဆက်နေပြီး ပေါင်သန်း ၅၀ ချဲလ်ဆီးဘက်က တန်ကြေးသတ်မှတ်ထားပါတယ်။
မာဒူကီဟာ ၂၀၂၃ နွေရာသီတုန်းက ချဲလ်ဆီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်။ ၂၀၂၄ - ၂၅ ရာသီမှာ မာဒူကီတစ်ယောက် ပရီးမီးယားလိဂ် ၃၂ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကတော့ တောင်ပံနေရာအတွက် ဒေါ့မွန်စတား ဂစ်တန်ကိုခေါ်ယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် မာဒူကီကိုရောင်းချမှာဖြစ်ပါတယ်။
ရိုမာနိုရဲ့အဆိုအရ မာဒူကီဟာ အာဆင်နယ်အသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားသလို အာဆင်နယ်ဘက်ကလည်း ကနဦးကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
မာဒူကီအနာဂတ်ကမသေချာပေမယ့် မာရက်စ်ကာ တဲ့တိုးမက်ဆေ့ချ်ပေးပို့လိုက်ပါတယ်။ သတင်းထောက်တွေကို အီတလီသားကပြောကြားရာမှာ “နွမ်နီက ဒီရာသီကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း နောက်တစ်ကြိမ် သူကအရေးကြီးခဲ့ပါတယ်။
ဒါပေမယ့် အသင်း နဲ့ ကစားသမားတွေအတွက် ကျွန်တော့်မက်ဆေ့ချ်ကိုပေးပို့ချင်ပါတယ်။ အဲ့တာက ကျွန်တော်တို့နဲ့အတူပျော်နေတဲ့ကစားသမားတွေပဲ အသင်းမှာရှိစေချင်ပါတယ်။ အသင်းမှာမပျော်တော့တဲ့ကစားသမားတွေအနေနဲ့ ထွက်ခွာနိုင်ပါတယ်။ အဲ့တာက နွမ်နီအတွက်မဟုတ်သလို အသင်းမှာရှိတဲ့ကစားသမားတိုင်းကို ဆိုလိုတာပါ။ ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြောပါမယ်။ နွမ်နီက ဒီရာသီအတွင်းကော ဒီညမှာကော အရမ်းကောင်းတဲ့ကစားသမားဖြစ်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ပါးလ်မီးရက်စ်ကို ၂-၁ နဲ့အနိုင်ရပြီးနောက် ချဲလ်ဆီးအသင်းဟာ လာမယ့်ဇူလိုင်လ ၉ ရက်နေ့မှာ ဖလူမီးနီးစ်နဲ့ နောက်ဆုံး ၄ သင်းအဆင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။