
မက်ဆီနဲ့ပတ်သက်ပြီး ဘယ်လိုစွန့်စားမှုမျိုးမှ ပြုလုပ်သွားမှာမဟုတ်ကြောင်းပြောကြားလာတဲ့ စကာလိုနီ
အာဂျင်တီးနားနည်းပြ လီယွန်နယ်စကာလိုနီက အသင်းအနေနဲ့ ယခုအောက်တိုဘာလ ခြေစွမ်းပွဲစဉ်တွေအတွင်း အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီနဲ့ပတ်သက်ပြီး ဘယ်လိုစွန့်စားမှုမျိုးကိုမှပြုလုပ်သွားမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ မက်ဆီဟာ အင်တာမီယာမီအတွက် ၂၁ ရက်အတွင်း ၇ ပွဲအထိကစားခဲ့ရတာကြောင့် လာမယ့်စနေနေ့ ဗင်နီဇွဲလားနဲ့ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲစဉ်မှာ အာဂျင်တီးနားအတွက်ပါဝင်ကစားဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။
မက်ဆီဟာ ကြံ့ခိုင်မှုအခြေအနေကောင်းနေတာကြောင့် အင်တာမီယာမီအတွက်ဆက်တိုက်ဆိုသလို ပါဝင်ကစားနေတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲအတွင်း ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အင်တာမီယာမီဟာ လာမယ့်တနင်္ဂနွေနေ့မှာ အတ္တလန္တာနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မက်ဆီအနေနဲ့ အခုချိန်အထိတော့ အာဂျင်တီးနားအတွက်ကစားဖို့ ဆုံးဖြတ်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်။
မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး စကာလိုနီက "ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခုချသွားပါမယ်။ မက်ဆီနဲ့အခြားကစားသမားတွေ ဘယ်လိုအခြေအနေရှိနေလဲ စောင့်ကြည့်သွားပါမယ်။ ကျွန်တော်တို့ မက်ဆီအပါအဝင် အခြားကစားသမားတွေအားလုံးနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါ"
"လောလောဆယ်စဉ်းစားထားတာကတော့ မက်ဆီအပါအဝင် အခြားဘယ်ကစားသမားကိုမှ စွန့်စားမှုမယူဖို့ပါပဲ။ လာမယ့်ပွဲစဉ်တွေက အရေးပေမယ့် ခြေစမ်းပွဲစဉ်တွေဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေးငယ်တဲ့ဒဏ်ရာလေးတောင်မရစေဖို့ ကျွန်တော်တို့ဂရုစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာမယ့်ခြေစမ်းပွဲစဉ် ၂ ပွဲမှာ ကစားသမားသစ်တွေကို အသုံးပြုသွားဖို့ရှိကြောင်းကို စကာလိုနီက "ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ကစားသမားသစ်တွေကို အခွင့်အရေးပေးသွားမှာပါ။ သူတို့ ကစားနိုင်မလား စောင့်ကြည့်သွားပါမယ်။ ဒီလိုပွဲတွေမှာ ကစားသမားသစ်တွေကိုစမ်းသုံးကြည့်ရမှာပါပဲ။ သူတို့အတွက်တော့ ထူးခြားတဲ့အခွင့်အရေးပေါ့" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားချန်ပီယံဆိုကို ဆွတ်ခူးနိုင်ခဲ့တဲ့မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာဂျင်တီးနားအတွက် ထပ်မံယှဉ်ပြိုင်ဖို့ မသေချာသေးကြောင်း အသိပေးထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့က သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်မူတည်နေတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။