
ချဲလ်ဆီးကြယ်ပွင့် အက်စ်တီဗာအိုကို ဖိအားမပေးကြဖို့ ကတ်စ်မဲရိုး သတိပေး
ဘရာဇီးကစားသမား ကတ်စ်မဲရိုးက တောင်ကိုရီးယားအသင်းကို ၅-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသက် ၁၈ နှစ်အရွယ် ချဲလ်ဆီးကြယ်ပွင့် အက်စ်တီဗာအိုရဲ့ ခြေစွမ်းပြကစားပုံကြောင့် သူ့ကို ဖိအားတွေအများကြီးမပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီနွေရာသီမှာ ပါးမီးရက်စ်အသင်းကနေ ပေါင် ၂၉ သန်းနဲ့ ချဲလ်ဆီးကိုရောက်ရှိလာတဲ့ အက်စ်တီဗာအိုဟာ မနေ့ညက ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းရဲ့လူစာရင်းထဲ ပါဝင်ဖို့အလားအလာကောင်းတွေရှိနေပါတယ်။
ဒီလိုသတင်းတွေထွက်ပေါ်နေပေမဲ့ ကမ္ဘာ့ဖလား ၃ ကြိမ်ကစားဖူးတဲ့ ဝါရင့်ကစားသမား ကတ်စ်မဲရိုးက လူငယ်လေးအပေါ် စိတ်ရှည်ဖို့တိုက်တွန်းခဲ့ပါတယ်။ ကတ်စ်မဲရိုးက "သူက လူငယ်ကစားသမားတစ်ယောက်ပါ၊ သူ့ကိုဖိအားတွေအများကြီးမပေးသင့်ပါဘူး။ ဒါကိုပြောဖို့က အရမ်းအရေးကြီးပါတယ်။ သူ့အတွက်တောင်မှ ကျွန်တော်တို့က ဒီအချက်ကို အလေးပေးပြောရပါမယ်။ ဘာလို့လဲဆိုတော့ ဖိအားပေးခဲ့မယ်ဆိုရင် ခြေစွမ်းကျသွားတဲ့ ကစားသမားတွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။
သူက ချဲလ်ဆီးမှာကစားနေပါတယ်၊ ကမ္ဘာ့ပြိုင်ဆိုင်မှုအများဆုံးလိဂ်မှာ ချဲလ်ဆီးအတွက် ပွဲထွက်ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ဖြည်းဖြည်းချင်းနဲ့ အေးအေးဆေးဆေးဆောင်ရွက်သွားရပါမယ်"လို့ ပြောခဲ့ပါတယ်။
ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီကလည်း "အသင်းရဲ့စိတ်ဓာတ်ခွန်အားက အရမ်းကိုကောင်းပါတယ်။ အသင်းက စိတ်အားထက်သန်စွာကစားတဲ့အခါ အရည်အသွေးတွေက ထွက်ပေါ်လာပါတယ်" လို့ ပြောပါတယ်။