ဘန်ဝှိုက်ကို အင်္ဂလန်အတွက်ကစားပေးဖို့ ပြောမှာမဟုတ်ဘူးလို့ဆိုလာတဲ့ ကာစလေ
အင်္ဂလန်လက်ရွေးစင်နည်းပြ လီကာစလေက အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို အင်္ဂလန်အသင်းအတွက်ကစားပေးဖို့ ပြောမှာမဟုတ်ကြောင်းပြောကြားလာခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းမှအဆက်အသွယ်မပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ဆိုပါတယ်။
အသက်-၂၆ နှစ်အရွယ်ညာနောက်ခံလူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့လွဲချော်ခဲ့ပြီးကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့တာဖြစ်ပါတယ်။
ယခု ၂၀၂၄-၂၅ ရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံး ပွဲထွက်ပါဝင်ပြီး ခြေစွမ်းပြသထားနိုင်တဲ့ ဘန်ဝှိုက်ဟာ အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၄ ပွဲသာပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဘန်ဝှိုက်ကို လာမယ့်အင်္ဂလန်ရဲ့ပွဲစဉ်တွေအတွက် ပြန်လည်ရွေးချယ်ဖို့ရှိမရှိမေးမြန်းခဲ့ရာ ကာစလေက “အသင်းရဲ့ကစားသမားစာရင်းကို ကြေညာတုန်းက ဒီအကြောင်းပြောခဲ့ပြီးပါပြီ။ အင်္ဂလန်အသင်းအတွက်ကစားပေးဖို့ အရည်အချင်းပြည့်မီတဲ့ကစားသမားတိုင်းမှာ အခွင့်အရေးရှိပါတယ်။ သူကိုယ်တိုင်က အသင်းကနေအဆက်အသွယ်မလုပ်ဖို့တောင်းဆိုထားတာပါ။ တကယ်လို့ ပြောင်းလဲမှုတွေရှိလာရင် အပြောင်းအလဲတွေဖြစ်လာမှာပေါ့။ ကွင်းထဲမှာ နေရာအတွက် ကစားသမားတွေအားလုံးတိုက်ပွဲဝင်နေကြရတာပါပဲ။ ပိုကောင်းတဲ့ကစားသမားတွေကတော့ အခွင့်အရေးပိုရမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိ အင်္ဂလန်ရဲ့ညာနောက်ခံနေရာမှာတော့ လီဗာပူးကြယ်ပွင့် အလက်ဇန်းဒါးအားနိုးလ်က အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနေပြီး အိုင်ယာလန်၊ ဖင်လန်တို့ကို အနိုင်ရခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်တွေမှာ ၂ ပွဲဆက်တိုက် ပွဲထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။