The network connection is lost.

Banner Image

ဘရိုက်တန်ကြယ်ပွင့် ဘာလီဘာကိုခေါ်ယူနိုင်ရေး လက်လျှော့လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပြီးဖြစ်ပေမယ့် ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ်ဘာလီဘာကို ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားပြီး ယခုအခါမှာတော့ ကစားသမားကို ဒီနွေရာသီအတွင်း ခေါ်ယူနိုင်ရေးကို လက်လျှော့လိုက်ပြီလို့သိရပါတယ်။ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ဟာ ဘာလီဘာရဲ့အပြောင်းအရွှေ့အတွက် အလားအလာရှိတဲ့ ဆွေးနွေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဘရိုက်တန်ဘက်က ကစားသမားရဲ့တန်ကြေးကို ပေါင် ၁၁၅ သန်းအထိ တောင်းဆိုခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအရ လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘရိုက်တန်သတ်မှတ်ထားတဲ့ တန်ကြေးကိုလည်း ပေးချေလိုခြင်းမရှိသလို၊ ဘရိုက်တန်ဘက်ကတော့ ဈေးလျှော့ပေးဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ဘာလီဘာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ယခုအခါမှာတော့ ဘရိုက်တန်နဲ့ပဲ ၂၀၂၅-၂၆ ရာသီကို ဆက်လက်ဖြတ်သန်းသွားရတော့မှာဖြစ်ပါတယ်။

ယခုနွေရာသီတွင်း ဘရိုက်တန်ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဂျာအိုပက်ဒရို၊ ဆိုင်မွန်အာဒင်ဂရာနဲ့ ပါဗစ်အက်စတူပီနန်တို့ကိုလည်း ရောင်းချထားပြီးဖြစ်တာကြောင့် နောက်ထပ်အဖိုးတန်ကြယ်ပွင့် ဘာလီယာကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။
လာမယ့် စနေနေ့မှာတော့ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။