The network connection is lost.

Banner Image

အက်စ်တီဗာအိုရှိနေမှုကို အလွန်ကံကောင်းမှုတစ်ခုဖြစ်တယ်လို့ တင်စားလိုက်တဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြအန်ဆယ်လော့တီက သူတို့အသင်းအတွက် နောက်ထပ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုး ပြသခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်အက်စ်တီဗာအိုရဲ့ အရည်အသွေးအကြောင်း ပြောပြလာပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အမ်းမရိတ်စ်ကွင်းမှာ ဆီနီဂေါကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အသက်-၁၈ နှစ်အရွယ်ကစားသမားက ဘရာဇီးလက်ရွေးစင်ကစားသမားဘဝစတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါက ဘရာဇီးလက်ရွေးစင်အသင်းအတွက် အက်စ်တီဗာအိုရဲ့ဆယ်ပွဲမြောက်ပွဲစဉ်ဖြစ်ပြီး လာမယ့်နှစ်၊ မြောက်အမေရိကဒေသ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ရှိနေဖို့ ကစာသမားကိုယ်တိုင် အဆင်သင့်ဖြစ်နေပုံရပါတယ်။

အက်စ်တီဗာအိုက အခုဘောလုံးရာသီ၊ ချဲလ်ဆီးအတွက်လည်း ခြေစွမ်းပြကစားနေပြီး လေးဂိုးသွင်းယူထားပါတယ်။ အက်စ်တီဗာအိုက အခုဘောလုံးရာသီ၊ အန်ဇိုမာရက်စ်ကာအသင်းအတွက် အရန်လူစာရင်းမှာသာ အချိန်အများစုရှိခဲ့ပေမယ့် အခွင့်အရေးရရှိချိန်တိုင်း အစွမ်းပြခဲ့ပါတယ်။ စနေနေ့၊ ခြေစမ်းပွဲစဉ်အပြီး ဂန္တဝင်နည်းပြကြီးအန်ဆယ်လော့တီက ချဲလ်ဆီးကြယ်ပွင့်ရဲ့ခြေစွမ်းကို အားပါးတရချီးကျူးခဲ့ပါတယ်။

အီတာလျံနည်းပြကြီးက “ အက်စ်တီဗာအိုမှာ မယုံကြည်နိုင်လောက်အောင် အံ့မခန်းအရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်။ သူက မှော်ဆန်မှုများစွာနဲ့အတူ အဆုံးသတ်ပိုင်းလည်း ကောင်းမွန်ပါတယ်။ ပြီးတော့ အလွန်ကြိုးစားတဲ့ကောင်လေးတစ်ဦး ဖြစ်ပါတယ်။ အက်စ်တီဗာအိုနဲ့အတူ ဘရာဇီးအသင်းမှာ အနာဂတ်အတွက် အာမခံချက်တစ်ခုရှိတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

သူက အလွန်ထူးချွန်လှတဲ့ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ပွဲစဉ်တိုင်းမှာ သူ့ရဲ့အစွမ်းအစကို ချပြနိုင်ပါတယ်။ ချဲလ်ဆီးမှာလည်း အလားတူပါပဲ။ သူ့ရဲ့အရည်အချင်းတွေချပြဖို့ အချိန်အများကြီးယူနေစရာ မလိုပါဘူး။ ငါးမိနစ်လောက်ကစားရရင်ပဲ သူ့ရဲ့အရည်အသွေးကို ချပြနိုင်ပါတယ်။ ကျွန်တော့်အမြင်အရ အက်စ်တီဗာအိုရှိနေတာ ဘရာဇီးအသင်းအတွက်ရော၊ ချဲလ်ဆီးအသင်းအတွက်ပါ ကံကောင်းလွန်းပါတယ်”လို့ ပြောပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာလည်း အက်စ်တီဗာအိုကို ထိပ်တန်းလူငယ်ကစားသမားစာရင်းဝင်အဖြစ် သတ်မှတ်ထားပြီး ကစားသမားကိုခေါ်ယူနိုင်ဖို့ ချဲလ်ဆီးတို့ ပေါင်သန်း ၅၀ အထိ အသုံးပြုခဲ့ပုံ ရပါတယ်။ ပြိုင်ပွဲစုံတိုက်ပွဲဝင်နေရတဲ့ တိုက်စစ်ပိုင်းအတွက် မာရက်စ်ကာကိုယ်တိုင်လည်း လူငယ်ကစားသမားကို ပွဲကစားချိန်တွေ စီမံပေးနိုင်ပါလိမ့်မယ်။ မကြာမီကာလအတွင်း ကိုးလ်ပယ်လ်မာ ဒဏ်ရာမှပြန်သက်သာလာဖို့ ရှိနေသလို အခုဘောလုံးရာသီမှာ ဂါနာချို၊ နက်တိုနဲ့ ဂစ်တန်စ်တို့လည်း ပွဲကစားချိန်မိနစ်တွေ ရရှိလာပါတယ်။ ဒါပေမဲ့ အက်စ်တီဗာအိုသာ အခွင့်အရေးရရှိချိန်တိုင်း အခုလိုအစွမ်းပြနေမယ်ဆိုရင် မကြာခင်၊ ချဲလ်ဆီးရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။