
ကာရာဘောင်ဖလား စတုတ္ထအဆင့်မှာ အာဆင်နယ်နဲ့ဘရိုက်တန်၊ နယူးကာဆယ်နဲ့တော့တင်ဟမ်တို့ ထိပ်တိုက်တွေ့ဆုံနေ
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တွေအပြီးမှာ စတုတ္ထအဆင့်သို့တက်လှမ်းနိုင်တဲ့အသင်းတွေရဲ့ ပွဲအချိန်ဇယားတွေ ပေါ်ထွက်လာခဲ့ပြီး အာဆင်နယ်က ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်နဲ့တွေ့ဆုံနေသလို၊ နယူးကာဆယ်ကလည်း တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်ဟာ ပေါ့ဗေးလ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် အီဘရီချီအီဇီ၊ လီအန်ဒရိုထရော့ဆက်တို့ရဲ့သွင်းဂိုးတွေနဲ့ သက်တောင့်သက်သာနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒွန်ကတ်စ်တာကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ တော့တင်ဟမ်ကတော့ တစ်ဖက်က ဘရက်ဒ်ဖို့ဒ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်သွားရနိုင်ပါတယ်။
နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း ထိပ်တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်ကိုတော့ အန်ဖီးလ်မှာကစားသွားရမှာဖြစ်လို့ ပဲလေ့စ်အတွက် လွယ်ကူဖို့မရှိပါဘူး။ တတိယအဆင့်မှာတော့ လီဗာပူးဟာ ချန်ပီယံရှစ်ကလပ်ဆောက်သမ်တန်ကို ၂-၁ နဲ့အနိုင်ရခဲ့ပြီး ပဲလေ့စ်ကတော့ မီဝေါကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူထားတဲ့ ဂရင်းစ်ဘီကလည်း ပြိုင်ပွဲမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပြီး စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကတော့ ဝုဗ်နဲ့ ဆွမ်ဆီးတို့ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စတုတ္ထအဆင့်ပွဲစဉ်တွေကို လာမယ့်အောက်တိုဘာလ ၂၇ ရက်နေ့မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ
အာဆင်နယ် - ဘရိုက်တန်
ဂရင်းစ်ဘီ - ဘရန့်ဖို့ဒ်
ဆွမ်ဆီး - မန်စီးတီး
နယူးကာဆယ် - တော့တင်ဟမ်
ဝရက်ဇ်ဟမ်း - ကာဒစ်ဖ်
လီဗာပူး - ခရစ္စတယ်ပဲလေ့စ်
ဝုဗ် - ချဲလ်ဆီး
ဝိုင်ကွန့် - ဖူလ်ဟမ်