The network connection is lost.

Banner Image

ယုံကြည်မှုမပေးခဲ့ဘဲ ချဲလ်ဆီးကနေ ထွက်ခွာဖို့ လမ်းဖွင့်ပေးခဲ့လို့ ပိုချက်တီနိုကို ဝေဖန်လာတဲ့ ဘရိုဂျာ

ချဲလ်ဆီးကြယ်ပွင့်တိုက်စစ်မှူး အာမန်ဒိုဘရိုဂျာက အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုဟာ သူ့ကို ယုံကြည်မှုမပေးခဲ့ဘဲ ထွက်ခွာစေဖို့ လမ်းဖွင့်ပေးခဲ့တယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။

ယခုအခါမှာ ချဲလ်ဆီးအသင်းဟာ ပိုချက်တီနိုကို နည်းပြရာထူးကနေထုတ်ပယ်ခဲ့ပြီဖြစ်ပြီး ဘရိုဂျာအနေနဲ့ အာဂျင်တီးနားသားရဲ့ ထွက်ခွာမှုအပေါ် ပျော်ရွှင်နေပုံရပါတယ်။ ဘရိုဂျာက “သူအခုလို အထုတ်ခံလိုက်ရတာ အံ့အားသင့်စရာပါပဲ။ အသင်းမှာရှိတုန်းက သူ ကျွန်တော့်ကို ယုံကြည်မှုမပေးခဲ့ပါဘူး။ ကျွန်တော်က ပရီးမီးယားလိဂ်ကို ချက်ချင်းဆိုသလို ရောက်ရှိလာပြီး ပထမဆုံးအကြိမ်ကစားရတာဆိုတော့ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းမပြုလုပ်နိုင်ခဲ့ပါဘူး” “ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး စိတ်ဓာတ်ပိုင်းကိုမြှင့်တင်ခဲ့သလို၊ လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း မပျက်မကွက်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က တစ်ခုခုကို ဟော်ဟစ်ညည်းတွားတတ်တဲ့ ကစားသမားမျိုးလည်းမဟုတ်ပါဘူး”

“၂၀၂၄ အစမှာ အာဖရိဖလားပြိုင်ပွဲရှိလို့ နီကိုးလက်စ်ဂျက်ဆန်က ဆီနီဂေါနဲ့ပူးပေါင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ နေရာပိုရလာမယ်လို့ ထင်မိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ဇန်နဝါရီမှာ ၃ ပွဲပဲကစားခဲ့ရပြီး ပရိသတ်တွေကလည်း ကျွန်တော့်အနေနဲ့ ပြိုင်ဘက် ကစားသမား ၃-၄ ယောက်လောက်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်မယ်လို့ ထင်ခဲ့ပုံပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့်ခေါင်းထဲမှာ ကြံ့ခိုင်မှု ပြည့်ဝနေဖို့နဲ့ ဇန်နဝါရီဈေးကွက်မှာ ဘာတွေဖြစ်လာမလဲပဲ တွေးနေခဲ့မိပါတယ်” “ကျွန်တော် အသင်းကနေ မထွက်ခွာရဖို့ အာမခံချက်အချို့လိုချင်ခဲ့ပေမယ့် သူတို့က နားမလည်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်လည်း ကစားခွင့်ပိုရချင်လို့ အငှားနဲ့ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရိုဂျာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနေ ထွက်ခွာဖို့ လမ်းဖွင့်ပေးထားပေမယ့် အခုချိန်အထိတော့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာချမှတ်ထားခြင်းမရှိသေးပါဘူး။

ဆက်လက်ပြီး ချဲလ်ဆီးအကယ်ဒမီထွက် အသက်-၂၂ နှစ်အရွယ် ကစားသမားက “ကျွန်တော့်အနေနဲ့ ကွင်းထဲမှာကစားခွင့်ရဖို့အတွက် အခြားအသင်းတစ်သင်းကို ပြောင်းရမယ်ဆိုရင်တော့ ပြောင်းဖို့အဆင်သင့်ပါပဲ။ ကစားသမားတစ်ယောက်အတွက် ကွင်းထဲမှာဘောလုံးကစားခွင့်ရပြီး ကိုယ့်ဘက်ကနေကာကွယ်ပေးမယ့် အသင်းတစ်သင်း ရှိနေတယ်ဆိုတဲ့ အသိထက် ပိုကောင်းတဲ့အရာမရှိပါဘူး။ ကျွန်တော့်ကို နောင်တစ်ချိန်မှာ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ယုံကြည်ပြီး အခုချိန်မှာ အမှားတွေလုပ်ခွင့်ပေးမယ့် အသင်းမျိုးပေါ့။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ ယူရိုပြိုင်ပွဲမှာ အယ်လ်ဘေးနီးယားအတွက် အကောင်းဆုံးစွမ်းဆောင်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။