
ဘာလီဘာကိုဆုံးရှုံးရမှာ မကြောက်ဘူးလို့ ဘရိုက်တန်နည်းပြ အခိုင်အမာပြော
ဘရိုက်တန်နည်းပြ ဖာဘီယန်ဟာဇီလာက မန်ချက်စတာယူနိုက်တက်ကချိတ်ဆက်နေတဲ့ အသင်းရဲ့ကွင်းလယ်လူ ကားလို့စ်ဘာလီဘာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ကစားသမားကိုဆုံးရှုံးရမှာ ကြောက်ရွံ့မှုမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းနေပြီး မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ယခုအခါမှာ ဘရိုက်တန်ကြယ်ပွင့် ဘာလီဘာကိုလည်း ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်ချိတ်ဆက်နေတာဖြစ်ပါတယ်။ သတင်းတွေအရ ဘရိုက်တန်အနေနဲ့လည်း ကစားသမားကိုရောင်းချဖို့ ဆန္ဒရှိနေပြီး တန်ကြေးအနေနဲ့ ပေါင်သန်း ၁၀၀ အထိ အလိုရှိကြောင်းအသိပေးထားတယ်လို့ သိရပါတယ်။
ယခုအခါမှာ ဘရိုက်တန်နည်းပြ ဟာဇီလာကို ကစားသမားတွေဆုံးရှုံးရမှာ ကြောက်ရွံ့မှုရှိမရှိမေးမြန်းခဲ့ရာ "ကျွန်တော့်မှာ သူတို့ကိုထိန်းသိမ်းဖို့ အခွင့်အရေးမရှိပါဘူး။ ဒါကြောင့် ဆုံးရှုံးရမှာကိုလည်း ကြောက်မနေပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်တာကိုပဲ ဆက်လုပ်သွားမှာပါ။ တတ်နိုင်သလောက် အလုပ်ကြိုးစားသွားပါမယ်"
"အရာအားလုံးအပေါ်မှာ လွှမ်းမိုးချုပ်ကိုင်မှုပြုလုပ်ဖို့ အခွင့်အရေးမရှိလို့ ရနိုင်သလောက်အပေါ်မှာပဲ ထိန်းသိမ်းသွားပါမယ်။ အမှန်တရားတစ်ခုကတော့ ကျွန်တော်တို့က အသင်းကြီးတွေလို ငွေအများကြီးမသုံးနိုင်ပါဘူး။ ဒါပေမယ့် စည်းစည်းလုံးလုံးနဲ့ ကျွန်တော်တို့ရဲ့လုပ်နိုင်စွမ်းအားကို အပြည့်အဝအသုံးချနိုင်မယ်ဆိုရင်တော့ အသင်းကြီးတွေကိုလည်း ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသက်-၃၂ နှစ်သာရှိသေးတဲ့ ဟာဇီလာက "ကျွန်တော်တို့ ဘာကိုပဲလုပ်လုပ် အသင်းတစ်သင်းအနေနဲ့ပဲ အဖြေရှာမှာဖြစ်ပြီး အနာဂတ်မှာ အဖြေတစ်ခုကို ရှာတွေ့မယ်ဆိုတာ သေချာပါတယ်။ ဒါက ကျွန်တော်တို့ပုံစံပါပဲ။ ဒါကို လက်ခံရပါမယ်။ ကျွန်တော်တို့က ကစားသမားကောင်းတွေကို ရောင်းပြီးငွေရှာနေတဲ့အသင်းတော့မဟုတ်ပါဘူး။ အသင်းမှာ မီတိုမာအပါအဝင် အခြားကစားသမားတွေအတွက်လည်း ကမ်းလှမ်းမှုတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကစားသမားတိုင်းကို ငွေအတွက်နဲ့ မရောင်းဘူးဆိုတာ သက်သေပြထားပြီးသာပါ"
"ကစားသမားကောင်းအချို့ အသင်းကနေထွက်သွားတယ်ဆိုတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ကစားသမားသစ်တွေလည်း အသင်းကိုပြန်ရောက်လာတာပါပဲ။ အသင်းရဲ့စည်းလုံးမှုနဲ့ ချိတ်ဆက်မှုတွေကြောင့် အခုအခြေအနေနဲ့လည်း အသင်းကြီးတွေကို ရင်ဆိုင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့စည်းလုံးမှုကြောင့် တစ်ဦးချင်းအရည်အသွေးကွာခြားတဲ့ အသင်းကြီးတွေကိုလည်း အနိုင်ယူနိုင်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
လာမယ့် စနေနေ့မှာတော့ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ဘာလီဘာကို အဆိုပါပွဲစဉ်မှာ ထည့်သွင်းဖို့ ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါမယ်။