ယူနိုက်တက်က ကမ်းလှမ်းထားတဲ့ လုပ်ခလစာလောက် ပေးချေခြင်းမရှိပါက အဲဗာတန်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားမှာမဟုတ်တဲ့ ဘရန့်ဝိတ်
အဲဗာတန်ကြယ်ပွင့် ဂျာရတ်ဘရန့်ဝိတ်ဟာ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၆ သောင်းကို အဲဗာတန်ဘက်က ပေးချေနိုင်ခြင်းမရှိပါက စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဗာတန်ဟာ အသင်းရဲ့အဓိက ဗဟိုခံစစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ အထိသတ်မှတ်ထားပြီး ယူနိုက်တက်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဖြစ်တဲ့ ပေါင်သန်း ၅၀ အပါအဝင် ကမ်းလှမ်းမှု ၂ ခုစလုံးကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။
အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ အဲဗာတန်နဲ့စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းဝန်းကျင်ရရှိနေတာဖြစ်ပါတယ်။ အဲဗာတန်အနေနဲ့ ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းလိုတာကြောင့် လုပ်ခလစာတိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။
သို့သော်လည်း လက်ရှိအချိန်မှာတော့ ဆွေးနွေးမှုတွေက ခရီးမရောက်သေးဘဲ ဘရန့်ဝိတ်ဘက်က ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုလောက် အဲဗာတန်ဘက်က ပေးချေခြင်းမရှိပါက စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်သွားမှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း လက်ရှိနောက်ဆုံးကမ်းလှမ်းထားတဲ့ ပေါင်သန်း ၅၀ တန် ပြောင်းရွှေ့ကြေးကို အဲဗာတန်ဘက်က ငြင်းဆန်လိုက်တာကြောင့် နောက်ထပ် ကမ်းလှမ်းမှုပြုလုပ်သွားမှာမဟုတ်ဘူးလို့သိရပါတယ်။
ယခုနွေရာသီမှာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှူးအနေနဲ့ လိုင်လီကြယ်ပွင့် လန်နီယိုရို ပေါင် ၅၂ သန်းနဲ့ခေါ်ယူထားပြီးဖြစ်သော်လည်း နောက်ထပ် ဗဟိုခံစစ်မှူးတစ်ဦးအပါအဝင် ညာနောက်ခံလူ၊ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတစ်ဦးတို့ကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ရဲ့နောက်တန်းကို အကောင်းဆုံးဦးဆောင်ခဲ့တဲ့ ဘရန့်ဝိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရသူဖြစ်ပါတယ်။
အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေအမျိုးမျိုးထွက်ပေါ်နေပေမယ့် လက်ရှိအချိန်မှာတော့ ဘရန့်ဝိတ်ဟာ အဲဗာတန်မှာပဲ ဆက်လက်ကျန်ရှိနေပြီး အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်းရလုနီးပါးဖြစ်ခဲ့တဲ့ အဲဗာတန်အနေနဲ့လည်း အသင်းကို ပြန်လည်တည်ဆောက်မှုတွေပြုလုပ်နေပြီး နာပိုလီတောင်ပံကစားသမား ဂျက်စပါလင်းစထရွန်းကို အငှားနဲ့ခေါ်ယူထားပြီးဖြစ်သလို မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ ဒါ့အပြင် အဲဗာတန်ဟာ ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူးတစ်ဦးကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။