ကိုပါအမေရိကအောင်ပွဲ ရယူနိုင်ရန် အသင်းခြေစွမ်းပိုင်းတည်ငြိမ်နေဖို့ လိုလားနေတဲ့ ဘရာဇီးနည်းပြ ဂျူနီယာ
ဘရာဇီးလက်ရွေးစင် အသင်းနည်းပြ ဒွန်ရီဗယ်လ်ဂျူနီယာက ကော်စတာရီကာနဲ့ ရင်ဆိုင်ရမယ့် ကိုပါအမေရိကဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် အောင်မြင်မှု ရယူနိုင်ရန် အဓိကသော့ချက်တွေအဖြစ် ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုတို့အကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အသင်းကို စတင်တာဝန်ယူကာ လေးပွဲသာ ကိုင်တွယ်ရသေးတဲ့ ဒိုရီဗယ်လ်က လက်ရှိ ဘရာဇီးအသင်း အနေဖြင့် အတူတကွလေ့ကျင့်ရချိန် နည်းပါးလွန်းနေတာကြောင့် ကွင်းတွင်းတည်ငြိမ်မှုအပိုင်း ချို့ယွင်းနေဆဲပဲလို့ ဝန်ခံလိုက်ပါတယ်။
တနင်္ဂနွေနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း သူက “ လွန်ခဲ့တဲ့သုံးလလောက်ကမှ အတူတကွရှိနေခဲ့ဖူးတဲ့ အသင်းတစ်ခုအတွက် ဟန်ချက်တစ်ခုကို ကျွန်တော်ရှာဖွေပေးသွားရပါမယ်။ ၁၅ ရက်၊ ရက် ၂၀ လောက် အလုပ်ကို အတူတကွလုပ်ဆောင်ပြီးချိန်မှာတော့ သူတို့ကိုယ်သူတို့ ရှာဖွေတွေ့ရှိဖို့ လိုအပ်တာပေါ့။ ဘောလုံးမှာ လေ့ကျင့်ပြင်ဆင်မှုအဆင့်တွေကို ကျော်လွှားသွားလို့ မရပါဘူး။ ဒါကြောင့်ပဲ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ကစားသမားတွေရဲ့တစ်ဦးချင်း အရည်အသွေးတွေကို အသုံးပြုနိုင်အောင် တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ အသင်းတစ်ခုဖြစ်လာရေးအတွက် တစ်ဦးချင်းစီကို အရှိန်မြှင့်တက်လာအောင် ကျွန်တော်တို့ ကြိုးစားပေးနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘရာဇီးအသင်းနည်းပြက ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူး မီလီတာအို၊ အက်သလက်တီကိုမင်နဲရိုးနောက်ခံအစွန်လူ အရာနာတို့လို မျက်နှာသစ်ကစားသမားနှစ်ဦး ပါဝင်မယ့် ပွဲထွက်လူစာရင်းကို ကြေညာသွားခဲ့ပါတယ်။
နည်းပြက “ပွဲထွက်လူစာရင်းမှာ မီလီတာအိုနဲ့ အရာနာတို့ ပါဝင်လာပါလိမ့်မယ်။ ပွဲတိုင်းမှာ လိုအပ်လာမယ်ဆိုရင် တစ်နေရာ(သို့မဟုတ်)နှစ်နေရာလောက် အပြောင်းအလဲလုပ်သွားရပါလိမ့်မယ်။ ကစားသမားအားလုံးလည်း အဆင်သင့်ဖြစ်နေပါပြီ။ သူတို့အားလုံး မျှော်လင့်ထားတဲ့စံနှုန်းအောက် ရောက်ရှိနေသူ တစ်ဦးတစ်ယောက်မှမရှိပါဘူး။ ဘယ်လိုအခြေအနေမျိုးအတွက်မဆို ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ”လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်သစ်အန်ဒရစ်ခ်ကတော့ ကော်စတာရီကာနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်မရရှိဘဲ ဒုတိယပိုင်းပွဲချိန်တွေမှာသာ လူစားဝင်ကစားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒိုရီဗယ်လ်ကလည်း အသက်-၁၇ နှစ်အရွယ်တိုက်စစ်မှူးအတွက် စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
“ဒါက သဘာဝအတိုင်းဖြစ်လာမယ့်အရာပါ။ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်း အရမ်းကောင်းမွန်နေတာကြောင့် သိပ်တော့ မကြာလောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ကွင်းထဲမှာ မြင်ချင်လှပါပြီ။ ဒါပေမယ့် ဟန်ချက်ညီနေဖို့လည်း လိုအပ်ပါတယ်။ အန်ဒရစ်ခ်ရဲ့စကေးလ်တွေက ကောင်းမွန်လှပြီး အလားအလာအရှိဆုံး ကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်”လို့ ဒိုရီဗယ်လ်က ပြောပါတယ်။
ဘရာဇီးအသင်းက ကိုပါအမေရိကဖလားပြိုင်ပွဲ၊ အုပ်စု(D)မှာ ကိုလံဘီယာ၊ ပါရာဂွေးတို့နဲ့လည်း ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။