The network connection is lost.

Banner Image

အာဂျင်တီးနားကို အဝေးကွင်းမှာအနိုင်ယူသွားမယ်လို့ ဒိုရီဗယ် အခိုင်အမာပြောကြား

ဘရာဇီးလက်ရွေးစင်နည်းပြ ဒိုရီဗယ်က လာမယ့်ဗုဒ္ဓဟူးနေ့ အာဂျင်တီးနားနဲ့ယှဉ်ပြိုင်သွားရမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပေမယ့် နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ဘရာဇီးဟာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံအသင်းကို ၆ နှစ်ကြာ နိုင်ပွဲမရရှိခဲ့သလို၊ အာဂျင်တီးနားမြေမှာဆိုရင်တော့ ၁၆ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ခြေစစ်ပွဲစဉ်မှာ ကိုလံဘီယာကို ၂-၁ နဲ့အနိုင်ရထားခဲ့တဲ့ ဘရာဇီးအနေနဲ့ အနိုင်ရလဒ်တွေပြန်လည်ရယူနိုင်ခဲ့တာကြောင့် အာဂျင်တီးနားကိုလည်း အဝေးကွင်းမှာ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 

တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရီဗယ်ဒိုက "ကျွန်တော်တို့က လက်ရှိကမ္ဘာ့ဖလားနဲ့ တောင်အမေရိကဖလားတွေကို ဆွတ်ခူးထားတဲ့ ချန်ပီယံနဲ့ရင်ဆိုင်သွားရမှာပါ။ ပြီးတော့ မကြာသေးမီနှစ်တွေအတွင်းမှာ အာဂျင်တီးနားက ကမ္ဘာ့အအောင်မြင်ဆုံးအသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့မြေမှာ သူတို့ကိုအနိုင်ရဖို့ အကောင်းဆုံးကစားသွားပါမယ်"

"ဘရာဇီးက ဝေဖန်ရတာကိုကြိုက်နှစ်သက်တဲ့နိုင်ငံမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ထိုက်တန်တဲ့ ချီးကျူးမှုမျိုးကိုရရှိတယ်ဆိုရင် ဝေဖန်ခံရတာကိုလည်း စိတ်မရှိပါဘူး။ ဘောလုံးလောကအကြောင်းကို ကျွန်တော်ကောင်းကောင်းသိပြီး ဖိအားတွေအောက်မှာ အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော် ဘရာဇီးလက်ရွေးစင်အသင်းကို ၁၅ ပွဲကိုင်တွယ်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘရာဇီးအနေနဲ့ အာဂျင်တီးနားကို အဝေးကွင်းမှာနောက်ဆုံးနိုင်ခဲ့တဲ့ပွဲစဉ်က ၂၀၀၉ ခုနှစ်ကဖြစ်ပြီး ထိုစဉ်က ၃-၁ ဆိုတဲ့ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။၂၀၁၉ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားကို နောက်ဆုံးနိုင်ခဲ့တဲ့ ဘရာဇီးလာ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာတော့ ၃ ပွဲအထိ ၁-၀ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

ဘရာဇီးကို ၁၅ ပွဲကိုင်တွယ်ပြီး နိုင်ပွဲ ၇ ပွဲသာရယူထားနိုင်တဲ့ နည်းပြဒိုရီဗယ်အနေနဲ့ အသင်းပရိသတ်တွေရဲ့ယုံကြည်မှုကိုရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး မကြာသေးမီက ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီကို နည်းပြအဖြစ်ခန့်အပ်ဖို့ စီစဉ်နေကြောင်း သတင်းတွေထွက်ပေါ်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ခြေစစ်ပွဲစဉ်မှာ ကိုလံဘီယာကိုအနိုင်ရထားခဲ့တဲ့ ဘရာဇီးဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုရဲ့ တတိယနေရာမှာ ရပ်တည်ထားနိုင်ပြီး ဒုတိယနေရာက အီကွေဒေါနဲ့ ၁ မှတ်၊ ထိပ်ဆုံးက အာဂျင်တီးနားနဲ့ ၇ မှတ်အထိကွာဟနေပါတယ်။ အဆိုပါအုပ်စုရဲ့ ထိပ်ဆုံး ၆ သင်းကတော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ကအိမ်ရှင်အဖြစ်ပူးတွဲကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။