ကွင်းလယ်ဒိုင်နှင့် ဥမင်လိုဏ်ခေါင်းထဲမှာ ပြဿနာတက်ခဲ့တဲ့ ဘရန်ဖို့ဒ်ကစားသမား နေသန်ကောလင်း
စနေနေ့ကပွဲစဉ်မှာ ဂန်းနားတွေက လွှမ်းမိုးနိုင်ခဲ့ပြီး ဒီကလန်ရိုက်စ်ရဲ့ အစောပိုင်းသွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့သော်လည်း ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာ ဝစ်ဆာက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ဒုတိယပိုင်းတွင် ဂိုးရရှိဖို့ ၂ ကြိမ်အထိ နီးစပ်ခဲ့သော်လည်း ၈၆ မိနစ်တွင် ဟားဗက်ဇ်က ဘင်ဝှိုက်ရဲ့ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ကာ အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်ယူပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်တွင် ဟားဗက်ဇ်ရဲ့ ဒိုင်ဗင်ပစ်မှုဖြစ်ပြီးကတည်းက ကွင်းထဲတွင် ဆက်လက်ရှိမနေသင့်ဘူးလို့ ဘရန့်ဖို့ဒ်က ထင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့အနိုင်ဂိုးရှင်ဟာ ဂိုးဧရိယာအတွင်း ဒိုင်ဗင်ပစ်လိုက်တဲ့အချိန်မှာ အဝါကဒ်ပြသခြင်းခံထားရပြီးဖြစ်ပါတယ်။ အနီးကပ်ဆုံးခံစစ်မှူးဖြစ်တဲ့ ကောလင်းနဲ့ထိတွေ့ခြင်းတာကြောင့် ကွင်းလယ်ဒိုင်က အာဆင်နယ်အသင်းရဲ့ ပင်နယ်တီတောင်းဆိုမှုကို ငြင်းဆိုခဲ့ပါတယ်။
ဘရန်ဖို့ဒ်ကစားသမားတွေဟာ အဆိုပါဖြစ်ရပ်ကြောင့် ဒေါသထွက်ခဲ့ကြပြီး ဒုတိယမြောက်အဝါကဒ်ပြသဖို့ ကွင်းလယ်ဒိုင် ဂျုံးစ်ကို တောင်းဆိုခဲ့ကြပါတယ်။ အဆုံးသတ်မှာ ဟာဗက်ဇ်က အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် သူတို့ရဲ့စိတ်ပျက်မှုကို ပိုတိုးသွားစေခဲ့ပါတယ်။
Mirror ရဲ့အဆိုအရ ဘရန့်ဖို့ဒ်ကစားသမားတွေဟာ အမ်းမရိတ်ကွင်းမှ ထွက်ခွာပြီး ဥမင်လိုဏ်ခေါင်းသို့သွားရာ လမ်းတွင် မသေချာမရေရာသော စည်းကမ်းချက်များကြောင့် နစ်နာခဲ့ရကြောင်း ကွင်းလယ်ဒိုင်ဂျုံးစ်အား ပြောကြားခဲ့ကြပါတယ်။ အဝတ်လဲခန်းသို့သွားစဉ် ကောလင်းက ဟားဗက်ဇ်ရဲ့ကိစ္စနှင့် ပတ်သက်ပြီး ဒေါသထွက်နေသလို ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်တွေကလည်း ဒေါသထွက်နေခဲ့ကြတာဖြစ်ပါတယ်။
အိုင်ယာလန်နောက်ခံလူရဲ့ ဥမင်လိုဏ်ခေါင်းအတွင်း အရှက်ကွဲစရာဖြစ်ပြီး လိမ်လည်ခြင်းခံရပါတယ် ဆိုတဲ့ အော်သံကို ကြားခဲ့ရကြောင်း သိရှိရပါတယ်။ ဥမင်ထိပ်တွင်ရှိနေပြီး ဒေါသထွက်နေတဲ့ ကစားသမားများနှင့် ကွင်းလယ်ဒိုင်ဂျုံးစ်က စကားပြောဆိုခဲ့သော်လည်း ပွဲစဉ်အစီရင်ခံစာတွင် အဖြစ်အပျက်ကို ထည့်သွင်းမထားတာကြောင့် အက်ဖ်အေမှ အရေးယူဆောင်ရွက်ခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။
နောက်ဆုံးတွင် တာဝန်ရှိလုံခြုံရေးဝန်ထမ်းများက အ၀တ်လဲခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်က သူ့ကစားသမားတွေ ဘာကြောင့် ဒီလောက်ဒေါသထွက်ရတာကို နားလည်နိုင်ကြောင်းပြောထားပါတယ်။
"အသင်းရဲ့စွမ်းဆောင်ရည်က ကွက်တိပါပဲ။ အာဆင်နယ်ရဲ့ပုံစံ၊ ကျွန်တော်တို့ရဲ့ပုံစံ၊ ဒဏ်ရာအခြေအနေတွေကို ထည့်တွက်ရင် ပိုတောင် အထင်ကြီးစရာပါပဲ" "ဟားဗက်ဇ် ဂိုးသွင်းလိုက်တဲ့အချိန်မှာ သူက ကွင်းထဲမှာ ရှိသင့်တယ်လို့ မထင်ပါဘူး။ ရှင်းရှင်းလင်းလင်း ဒိုင်ဗင်ပစ်လိုက်တာပါ။ ကွင်းလယ်ဒိုင်အတွက် အခက်အခဲဖြစ်နိုင်ပေမယ့် စည်းကြပ်ဒိုင်က ဒါကို မြင်သင့်ပါတယ်" လို့ ဖရန့်ခ်က ပြောပါတယ်။