နီကိုဝီလီယံကို ရောင်းချသွားမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ ဘီလ်ဘာအိုဥက္ကဌ
ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုမှာခြေစွမ်းပြနေတဲ့ ဘီလ်ဘာအို တောင်ပံကစားသမားလေး နီကိုဝီလီယံကို အပြိုင်ပစ်မှတ်ထားနေပေမယ့် ယခုအခါမှာတော့ ကလပ်ဥက္ကဌက ကစားသမားကို ရောင်းချသွားမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ယူရိုမှာ စောင့်ကြည့်ချင်လောက်စရာခြေစွမ်းမျိုး ပြသထားနိုင်ပြီး လာမယ့် တနင်္ဂနွေနေ့ အင်္ဂလန်နဲ့ယှဉ်ပြိုင်သွားရမယ့် ဗိုလ်လုပွဲအထိ အသင်းကို အရေးပါတဲ့အခန်းကဏ္ဍကနေ တောက်လျှောက်ကူညီထားနိုင်တာဖြစ်ပါတယ်။
ဝီလီယံဟာ ကလပ်အသင်းမှာလည်း အထူးခြေစွမ်းပြသထားနိုင်တဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဘီလ်ဘာအိုအတွက် လာလီဂါပွဲစဉ် ၃၁ ပွဲကစားရာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်-၂၁ နှစ်အရွယ် ကစားသမားဟာ အသင်းကို လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာ ရပ်တည်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိစေခဲ့ပါတယ်။
အခုလို ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ဝီလီယံကို ပရီးမီးယားလိဂ်ကလပ်တွေက ယခုနွေရာသီမှာပဲ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ကစားသမားကို အာဆင်နယ်နဲ့ ချဲလ်ဆီးတို့သာမက လီဗာပူးကလည်း စိတ်ဝင်စားနေတယ်တို့ သတင်းတွေကဖော်ပြထားပါတယ်။
သို့သော်လည်း ဘီလ်ဘာအိုဥက္ကဌကတော့ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ကစားသမားကို ရောင်းချသွားမှာမဟုတ်ကြောင်း “ကျွန်တော်တို့မှာ ထိပ်တန်းပရောဂျက်တွေအများကြီးရှိနေပြီး နီကိုဝီလီယံလိုကစားသမားတွေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ဘောလုံးအဖွဲ့ချုပ်ကလည်း ကာကွယ်မှုမပေးနိုင်တာကြောင့် အခုချိန်မှာ သူရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေက အရမ်းများနေပါတယ်။ ကစားသမားကို လေးစားမှုရှိဖို့တောင်းဆိုချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဝီလီယံကိုယ်တိုင်ကလည်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပါတယ်။ တောင်ပံကစားသမားက “ကျွန်တော် ဘီလ်ဘာအိုနဲ့ မကြာသေးမီကမှ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ ဒီအသင်းမှာ အရမ်းပျော်နေပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရတာကတော့ ထူးဆန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။