ဆောက်ဂိတ်ထွက်ခွာသွားပြီးနောက် အင်္ဂလန်ကို ပြန်လာမယ့်အချိန်အားထုတ်ဖော်ပြောကြားလိုက်တဲ့ ဘင်ဝှိုက်
အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်တစ်ယောက် ဆောက်ဂိတ်နဲ့နည်းပြအဖွဲ့ဝင်တွေ ထွက်ခွာသွားပြီးနောက် အင်္ဂလန်အသင်းထံပြန်လာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဆောက်ဂိတ်က အင်္ဂလန်အသင်းထံပြန်လာဖို့ ဘင်ဝှိုက်အတွက် လမ်းဖွင့်ထားပေမယ့် ကစားသမားက မလာခဲ့တာဖြစ်ပါတယ်။ ယူရို ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် မကစားရတာကြောင့် အာဆင်နယ်စတားက သူ့ကိုယ်သူနိုင်ငံအသင်းကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားခဲ့တာာဖြစ်ပါတယ်။
ဘင်ဝှိုက်ဟာ ကမ္ဘာ့ဖလားလူစာရင်းကနေ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ အစောကြီးပြန်လာပြီးနောက် အင်္ဂလန်အသင်းမှာ မပါဝင်တော့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ကလည်း သူနဲ့ဘင်ဝှိုက်တို့ကြားမှာ ဘာပြဿနာမှမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့သလို အသင်းလူစာရင်းမှာ ပြန်မြင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မတ်လတုန်းကလည်း ဆောက်ဂိတ်က “ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူ့အတွက် တံခါးဖွင့်ထားပြီးသားပါ။ ယူရိုမတိုင်ခင် အဲ့တာက ခက်ခဲပါတယ်။ သူက ခြေစစ်ပွဲအားလုံးကို လွဲချော်ချိန်မှာ ဒီလိုကစားသမားမျိုး လိုအပ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ အဲ့နေရာနဲ့ပတ်သက်ပြီး အဆင်ပြေမလားဆိုတာ ဘာစိတ်ကူးမှမရှိပါဘူး။ ကျွန်တော်တို့ဒီအစုအဖွဲ့မှာ ဒဏ်ရာကြောင့်ကစားသမား ၄ ဦးအထိ ဆုံးရှုံးထားခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့သလို သူ့အတွက် လမ်းဖွင့်ထားပါတယ်။ ဘာပြဿနာမှမရှိပါဘူး”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ ဆောက်ဂိတ်နေရာအတွက် နည်းပြသစ်ရှာဖွေနေပြီး လာမယ့်နည်းပြအတွက် ဘင်ဝှိုက်ပြန်လာတာက ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ဝှိုက်ဟာ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခရီးစဉ်မှာ ပါဝင်နေပြီး ဘုန်းမောက် ၊ ယူနိုက်တက် ၊ လီဗာပူးတို့နဲ့ ကန်မယ့်ပွဲတွေမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
အင်္ဂလန်ကတော့ လာမယ့်စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲတွေအဖြစ် အိုင်ယာလန် ၊ ဖင်လန်တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။