The network connection is lost.

Banner Image

မသင့်တော်တဲ့ အောင်ပွဲခံအမူအရာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ ဘယ်လင်ဟမ်

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ဆလိုဗက်ကီးယားကို အနိုင်ရခဲ့တဲ့ ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့ပြီးနောက် မသင့်တော်တဲ့အမူအရာနဲ့ အောင်ပွဲခံခဲ့တာကြောင့် ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်းကိုခံနေရပြီး ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ခွင့်ရဘဲ တားမြစ်ခံရနိုင်တယ်လို့သိရပါတယ်။

ရုပ်သံဖမ်းယူချက်တွေအရ ဘယ်လင်ဟမ်ဟာ သူ့ရဲ့ ညာလက်ကို သူ့ရဲ့လိင်အင်္ဂါနားမှာ မဖွယ်မရာအမူအရာနဲ့ သရုပ်ပြခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ အဆိုပါအပြုအမူဟာ ပြိုင်ဘက်အသင်းကို မလေးစားရာရောက်တယ်လို့ ယူဆခံထားရသော်လည်း ဘယ်လင်ဟမ်ကတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် “တကယ်တော့ ဒါက ကွင်းထဲမှာရှိနေတဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် သီးသန့်ဟာသတစ်ခုပါ။ ဘာရယ်မဟုတ်ပါဘူး။ ဒီည ဆလိုဗက်ကီးယားကစားသွားတဲ့ ခြေစွမ်းကို အရမ်းလေးစားပါတယ်” လို့ ဖြေရှင်းခဲ့ပါတယ်။

ယူအီးအက်ဖ်အေအနေနဲ့ ယခင်က အခုလိုအလားတူဖြစ်ရပ်တွေမှာ မဖွယ်မရာအမူအရာပြုလုပ်ခဲ့တဲ့ ကစားသမားတွေကို အများအားဖြင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်တဲ့အစား ဒဏ်ကြေးငွေသာပေးဆောင်စေသော်လည်း ယခုအခါမှာတော့ ဘယ်လင်ဟမ်ကို ပွဲပယ်ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်နိုင်ချေရှိပါတယ်။ အဆိုပါပွဲစဉ်ကို ကိုင်တွယ်ခဲ့ကြတဲ့ ပွဲတာဝန်ရှိသူတွေနဲ့ ဒိုင်လူကြီးတွေကတော့ ဘယ်လင်ဟမ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပြုထားခဲ့သော်လည်း ယူအီးအက်ဖ်အေကတော့ ကစားသမားနဲ့ အင်္ဂလန်အသင်းကို အရေးယူဖို့ ဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ယူအီးအက်ဖ်အေ ကျင့်ဝတ်နဲ့ စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေအနေနဲ့ အင်္ဂလန်ဘောလုံးကစားသမား ဂျုဒ်ဘယ်လင်ဟမ်ရဲ့ အခြေခံစည်မျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုဖြစ်စေနိုင်တဲ့ အမူအရာနဲ့ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဟမ်ရဲ့ပြဿမတိုင်ခင်မှာ အင်္ဂလန်ဟာ ပရိသတ်တွေရဲ့ သောင်းကျန်းမှုကြောင့်လည်း ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရပါတယ်။ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ အင်္ဂလန်ပရိသတ်အချို့ဟာ မီးရှူးမီးပန်းတွေ ထွန်းညှိခဲ့တာကြောင့် “ပရိသတ်တွေနဲ့ပတ်သက်ပြီး စည်းကမ်းမထိန်းသိမ်းနိုင်မှု” နဲ့ အင်္ဂလန်ဟာ စွဲချက် ၂ ခုချမှတ်ခံထားရတယ်လို့ သိရပါတယ်။