ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမှာကို မသိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်တဲ့ ဘယ်လင်ဟမ်
အင်္ဂလန်အသင်းစတား ဘယ်လင်ဟမ်က သူ့အနေနဲ့ ဆလိုဗက်ကီးယားနဲ့ ကန်ရမယ်ဆိုတာကို မသိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ အုပ်စု (C) မှာ ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့်လည်း ဆလိုဗက်ကီးယားနဲ့ ကန်ရဦးမယ်ဆိုတာကို မသိခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က မဲခွဲမှုအတွက် သတိမထားမိခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဘယ်လင်ဟမ်က ဆလိုဗက်ကီးယားနဲ့ကန်ရမယ်ဆိုတာကို ခင်ဗျားမပြောခင်အထိ မသိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ဒီပြိုင်ပွဲမှာ ခက်ခဲတဲ့ပွဲတွေချည်းပါပဲ။ လူတွေက ကြည့်ပြီးလွယ်မယ်ထင်ခဲ့ပေမယ့် ဆလိုဗေးနီးယားနဲ့ပွဲကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ အဲ့ပွဲက လွယ်ကူမယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ထင်ထားသလိုမဟုတ်ခဲ့ပဲ သူတို့က ဒုက္ခပေးနိုင်ခဲ့ပါတယ်။ တခါတလေမှာ ဒီလိုအသင်းတွေကက အနည်းငယ်ခက်ခဲတတ်ပါတယ်။ ၁၆ သင်း အဆင့်ပွဲက စိတ်ဝင်စားစရာပွဲပါ။ အဲ့အတွက် ကျွန်တော်တို့ယုံကြည်မှုအပြည့်ရှိပါတယ်။ ပထမ ၃ ပွဲမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်မကောင်းခဲ့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ အဲ့တာတွေကို ပြန်လည်ချေဖျက်နိုင်မယ့်အခွင့်အရေး ရှိနေပါတယ်”လို့ ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဟမ်ကတော့ ယခင်ပွဲတုန်းက သရေကျခဲ့တာကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ စွမ်းဆောင်ရည်ဆိုးဝါးမှုတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဆားဘီးယားနဲ့ပွဲမှာ ဘယ်လင်ဟမ်တစ်ယောက် ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့သလို စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်ဟာ နောက်ပိုင်းပွဲတွေမှာ တည်ငြိမ်မှုမပြသနိုင်ခဲ့သလို အခွင့်အရေးတွေလည်း မရတော့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေတွေကြောင့် အင်္ဂလန်အသင်းကလည်း ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကလည်း ဒေါသထွက်နေကြပါတယ်။