
မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းကို ချီးကျူးလိုက်တဲ့ ဘိုင်ယန်စတား
ဘိုင်ယန်နောက်ခံလူ အူပါမီကာနိုက နည်းပြ ကွန်ပနီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ဥပမာယူရမယ့်သူလို့ ပြောကြားလိုက်ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်အသင်းကို အကောင်းဆုံးလုပ်ဆောင်ပေးနေပြီး ၁၀ ပွဲမှာ ၁၀ ပွဲစလုံးအနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အူပါမီကာနိုကလည်း လက်ရှိမှာ နည်းပြဖြစ်သူ ကွန်ပနီရဲ့နည်းစနစ်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကွန်ပနီတစ်ယောက် ဘိုင်ယန်ကိုပြောင်းလာချိန်တုန်းက ဝေဖန်မှုတွေရှိခဲ့ပေမယ့် မနှစ်က ဘွန်ဒက်စ်လီဂါချန်ပီယံဆုအပြင် အခုရာသီပြသနေတဲ့စွမ်းဆောင်ရည်တွေကြောင့် အသံတိတ်စေခဲ့ပြီဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ဂျာမန်စူပါဖလားပြိုင်ပွဲမှာလည်း စတုဂတ်ကို ၂-၁ နဲ့အနိုင်ယူနိုင်ခဲ့သလို ဒီယက်ဇ် နဲ့ ဂျိုနသန်တို့လိုကစားသမားတွေကို ထပ်မံပေါင်းထည့်ထားနိုင်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ပြင်သစ်သားက “ကျွန်တော်တို့ ငယ်ငယ်တုန်းက သူ့ကိုအားလုံးကြည့်ဖူးကြပါတယ်။ သူက ဘယ်လ်ဂျီယံ နဲ့ မန်စီးတီးအတွက် ဂန္ထဝင်တစ်ဦးပါ။ နောက်တန်းမှာ ယှဉ်လုရမယ်ဆိုရင် သူကအရမ်းကို ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်တဲ့သူပါ။ ကွင်းထဲမှာလည်း သူကခေါင်းဆောင်တစ်ဦးပါ။ ကျွန်တော့်အတွက် သူက ဥပမာကောင်းပါ။ သူက ကျွန်တော့်ကိုအများကြီးကူညီသလို ဗီဒီယိုတွေလည်း ကြည့်ဖြစ်ပါတယ်။ သူက နေရာယူပုံလည်း ပြောပြခဲ့ပါတယ်။ သူနဲ့အတူ လေ့ကျင့်ရတာက အရမ်းကိုပြင်းထန်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဘစ်ချော့ဖ်ကလည်း အူအတက်ရောင်တာကြောင့် ရာသီအစကိုလွဲချော်ခဲ့ပေမယ့် စက်တင်ဘာ ၂၆ တုန်းက ဘွန်ဒက်စ်လီဂါပွဲဦးထွက်ပါဝင်ခွင့်ရခဲ့သလို ဝါဒါဘရီမင်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လိုင်မာရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ “သူ့လက်အောက်မှာကစားရတာ တကယ်ကိုကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ သူက လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ပျော်စရာတွေလုပ်ဆောင်ပေးပါတယ်။ ပထမဆုံး ၃ ပတ်လောက်က ရူးချင်စရာပါ။ သူက ကျွန်တော့်ကို ရွှေ့လျားမှုတိုင်းကို လုပ်ဆောင်ခိုင်းပါတယ်။ ကျွန်တော် လုံလောက်ပြီလို့တောင် ညည်းတွားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ကို သူကအများကြီးတိုးတက်လာစေပါတယ်။ သူ့စကားလုံးတွေတိုင်းက ကျွန်တော့်လုပ်ရပ်တွေဖြစ်လာပါတယ်။
အဲ့လိုနဲ့ ဆက်လက်လေ့ကျင့်ပြီး ကျွန်တော့်ခေါင်းထဲကို ရိုက်ထည့်ပေးနိုင်ခဲ့ပါတယ်”လို့ သူက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဂျာမန်လူငယ်စတားဟာ ဘိုင်ယန်အတွက် ၇ ပွဲပါဝင်ကစားထားပြီးဖြစ်ပါတယ်။ ကစားသမားတွေတင်မဟုတ်ပဲ ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာကလည်း ကွန်ပနီဟာ အသင်းအတွက် မှန်ကန်တဲ့နည်းပြလို့ ထောက်ခံခဲ့ပါတယ်။ ဘိုင်ယန်ဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ်ကို သေချာအာရုံစိုက်နေပြီး ကစားသမားတွေကလည်း အကောင်းဆုံးဆုဖလားကိုရယူချင်နေပါတယ်။ ကွန်ပနီကိုယ်တိုင်ကလည်း ဘိုင်ယန်နဲ့အတူ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ အလိုရှိနေပါတယ်။