The network connection is lost.

ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ အနိုင်ရရှိပြီး ဂိုးသမားရဲ့သွင်းဂိုးကြောင့် ရှုံးပွဲမကြုံခဲ့တဲ့ လာဇီယိုရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်(အင်္ဂါည)ပွဲစဉ်များ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကို ယမန်နေ့(အင်္ဂါ)ညပိုင်းမှစတင်ကာ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး ဂိုးသမား ပရိုဗီဒယ်လ်ရဲ့သွင်းဂိုးကြောင့် အိမ်ကွင်းရှုံးပွဲနဲ့ လာဇီယိုတို့ လက်မတင်လေး လွဲချော်သွားခဲ့ပါတယ်။
 
ရောမမြေမှာ ကစားခဲ့တဲ့ လာဇီယိုနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်မှာ လာဇီယိုဂိုးသမား ပရိုဗီဒယ်လ်က နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချေပဂိုးသွင်းယူပေးပြီး အသင်းအတွက် အံ့ဖွယ်ရမှတ်တစ်မှတ်ကို ရှာဖွေပေးခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်နာရီဝက်နီးပါးမှာ အေတီကိုကစားသမားဘာရီယော့စ်ရဲ့ ၂၅ ကိုက်အကွာကန်ချက်က လာဇီယိုကွင်းလယ်လူ ကာမာဒါနဲ့ ထိကာ လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့လို့ ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးဖြစ်ပေါ်လာခဲ့ပါတယ်။
 
အခုလိုဦးဆောင်ဂိုးရရှိသွားပြီးနောက်ပိုင်း အေတီကိုက ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး လက်ရှိရလဒ်ပိုင်းအတိုင်း ပွဲပြီးဆုံးတော့မယ်လို့ ယူဆနေချိန်မှာပဲ မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကို ပွဲချိန်နောက်ဆုံးမိနစ်မှာ မြင်တွေ့ခဲ့ရပါတယ်။
 
လူးဝစ်အယ်လ်ဘာတိုရဲ့ပေးပို့မှုကို အေတီကိုခံစစ်ပိုင်း မရှင်းထုတ်နိုင်ခဲ့ချိန် ရှေ့အထိတက်လာတဲ့ လာဇီယိုဂိုးသမားပရိုဗီဒယ်လ်က အေတီကိုဂိုးသမား အော့ဘလက်ကို လှည့်စားကာ ခေါင်းတိုက်သွင်းယူခဲ့လို့ အိမ်ရှင်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ လာဇီယိုနဲ့ အေတီကိုတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
 
ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်တဲ့ အန့်တ်ဝက်ပ်တို့ နူးကမ့်ကွင်းအတွင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာကစားသမား ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ လာလီဂါချန်ပီယံတွေက ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ဂျာအိုဖီးလစ်၊ လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့က ဘာစီလိုနာအတွက် သွင်းဂိုးတွေရယူပေးခဲ့လို့ ဘာစီလိုနာက သုံးဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
 
လီဝန်ဒေါစကီးရဲ့သွင်းဂိုးဟာ သူ့ရဲ့ကစားသမားဘဝသက်တမ်းတလျှောက် ချန်ပီယံလိဂ်ရာပြည့်ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်တွေမှာလည်း ဘာစီလိုနာကပဲ ပွဲကို စိုးမိုးကစားခဲ့ပြီး ဂါဗီ၊ ဂျာအိုဖီးလစ်တို့က နောက်ထပ်သွင်းဂိုးနှစ်ဂိုးကို ထပ်မံရှာဖွေပေးခဲ့ပါတယ်။
 
ပြင်သစ်မြေမှာကစားတဲ့ ပီအက်စ်ဂျီနဲ့ ဒေ့ါမွန်တို့ရဲ့ပွဲစဉ်မှာတော့ လီဂူးဝမ်းချန်ပီယံတွေက ဂျာမန်ထိပ်သီးကလပ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့တဲ့ ပီအက်စ်ဂျီတို့ ဒုတိယပိုင်းစတင်ချိန်မှာပဲ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ရာ အမ်ဘာပေက အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့်ပဲ ပွဲရဲ့ချိန်ခွင်လျှာပြောင်းလဲသွားကာ ပီအက်စ်ဂျီတို့ ဖိအားကင်းကင်းနဲ့ အသာစီးရယူကစားနိုင်ခဲ့ပါတယ်။
 
ဆက်လက်ပြီး ဗီတင်ဟာရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကို ဟာကီမီက တိုက်စစ်အထိလိုက်ပါကာ ကန်သွင်းယူခဲ့လို့ ဒုတိယမြောက်ဦးဆောင်ဂိုးကို ပီအက်စ်ဂျီတို့ ရရှိခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းစလုံး လူစားလဲမှုတွေနဲ့အတူ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။ နာကျင်အချိန်ပိုမှာ ပီအက်စ်ဂျီရဲ့ လူစားဝင်တိုက်စစ်မှူးဂွန်ကာလိုရာမို့စ် သွင်းဂိုး ရယူခဲ့ပေမယ့် လူကျွံအနေအထားမှာရှိနေခဲ့လို့ ဒီသွင်းဂိုးကို ခွင့်မပြုပေးခဲ့ပါဘူး။ ပွဲပြီးဆုံးချိန်မှာတော့ အိမ်ရှင်ပီအက်စ်ဂျီက ဧည့်သည်ဒေါ့မွန်ကို ၂-၀ ဂိုးဖြင့် အနိုင်ကစားကာ အုပ်စုအဖွင့်ပွဲစဉ် အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။