
အသင်းဆရာဝန် ရုတ်တရက်ကွယ်လွန်တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ လာပေါ်တာ
ဘာစီလိုနာဥက္ကဌ လာပေါ်တာက စီနီယာအသင်းဆရာဝန် ဂါစီယာတစ်ယောက် ရုတ်တရက်ကွယ်လွန်တာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။ ဂါစီယာဟာ ဘာစီလိုနာအသင်း အိုဆာဆူနာနဲ့ပွဲမတိုင်ခင် နာရီပိုင်းအလိုက ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ပွဲမတိုင်ခင် လူမှုမီဒီယာကနေ ကြေညာချက်မထုတ်ပြန်ခင် ဘာစီလိုနာအသင်းရဲ့ကွင်းထဲကို မိနစ် ၂၀ လောက်ကြိုတင်ရောက်ရှိပြီး စုရုံးခဲ့ကြပါတယ်။
အဲ့နောက် ဘာစီလိုနာက လာလီဂါ ၊ အိုဆာဆူနာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ စနေနေ့ညနေခင်းတုန်းက ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဂါစီယာတစ်ယောက် စနေနေ့အစောပိုင်းတုန်းက အသင်းလေ့ကျင့်ရေးကွင်းမှာ ကွယ်လွန်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
“ဟော်တယ်မှာ အသင်းသားတွေစုရုံးနေချိန်မှာပဲ အချစ်တွေနဲ့ပြည့်နှက်နေတဲ့လူတစ်ယောက် ကွယ်လွန်ခဲ့ပါတယ်။ အသင်းမှာရှိတဲ့သူတိုင်း ပူဆွေးဝမ်းနည်းနေကြပါတယ်။ တကယ့်ကို ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်တစ်ခုပါ။ ဘာလို့လဲဆိုတော့ သူက အရမ်းချစ်စရာကောင်းတဲ့သူဖြစ်သလို အသင်းကလူတွေအားလုံးကလည်း သူ့ကိုချစ်ကြပါတယ်။ ကစားသမားအားလုံးကော ဝန်ထမ်းတွေကိုကော သူကပွဲတိုင်းဂရုစိုက်ပါတယ်။ သူက ဘယ်တုန်းကမှ ဘယ်သူ့ကိုမရဘူးလို့ မပြောပါဘူး။ တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆရာဝန်ကောင်းတစ်ဦးပါ။
အခုလိုဖြစ်ပျက်ခဲ့လို့ အရမ်းဝမ်းနည်းမိပါတယ်။ ဒါက အရမ်းနာကျင်စရာကိစ္စပါ။ သူက ကျွန်တော်တို့ဆီကနေ ရုတ်တရက်ထွက်ခွာသွားခဲ့တာပါ။ ကျွန်တော်တို့ ဂါစီယာအမေနဲ့ကော သူ့ဇနီးသည်နဲ့ပါ စကားပြောဖြစ်ပါတယ်။
ကျွန်တော်တို့ သူတို့ကို ချက်ချင်းသိစေချင်ခဲ့တာပါ။ ဂါစီယာအနေနဲ့ ကလေး ၂ ယောက်ဖြစ်တဲ့ ဂျရတ် နဲ့ အန်နာတို့ ကျန်ရစ်ခဲ့ပါတယ်။ သူ့ဇနီးသည်လည်း တော်တော်လေးပူဆွေးနေပါပြီကျွန်တော်တို့အားလုံး အဲ့မှာရှိချင်ပါတယ်”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာကစားသမားတွေကလည်း ဂါစီယာအတွက် ပူဆွေးနေကြသလို ကွင်းလယ်လူ ပီဒရီကလည်း ဂါစီယာအတွက် သူ့ရဲ့ဝမ်းနည်းမှုကို အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ကျွန်တော် မယုံကြည်နိုင်ဖြစ်နေဆဲပါ။ ကာလက်စ်အတွက် ကြီးမားတဲ့နွေးထွေးမှုပေးချင်ပါတယ်”လို့ ပီဒရီက ရေးသားတင်ခဲ့ပါတယ်။ ဂိုးသမား တာစတီဂျန်ကလည်း “ကျွန်တော်ပြောစရာစကားလုံးပျောက်ရှနေပါတယ်။ ကျွန်တော် သူ့မိသားစု နဲ့ သူငယ်ချင်းတွေကို ခွန်အားတွေ အားပေးမှုတွေပေးချင်ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါ။ ကျွန်တော်တို့ ခင်ဗျားကို အရမ်းလွမ်းနေမှာပါ။ ပြီးတော့ နှလုံးသားထဲကနေ အမြဲတမ်းချစ်နေမှာပါ ကာလက်စ်ရေ”လို့ ရေးသားခဲ့ပါတယ်။ အခြားဘာစီလိုနာအသင်းဖော်တွေကလည်း ကာလက်စ်ရုတ်တရက်ကွယ်လွန်မှုအတွက် မယုံကြည်နိုင်အောင်ဖြစ်နေကြပြီး ဝမ်းနည်းပူဆွေးမှုတွေကို ဖော်ပြခဲ့ကြပါတယ်။