
ဒဏ်ရာပြဿနာ ထပ်မံကြုံတွေ့ခဲ့တဲ့ ရိုဒရီတစ်ယောက် စက်တင်ဘာလအထိ အနားယူသွားရဦးမယ်လို့ ဂွါဒီယိုလာ အတည်ပြု
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့အဓိက ကွင်းလယ်လူ ရိုဒရီဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာ ထပ်မံကြုံတွေ့ခဲ့ရတာကြောင့် စက်တင်ဘာလအထိ အနားယူသွားရဦးမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဘောလွန်းဒီအော်ဆုရ စပိန်လက်ရွေးစင်ကွင်းလယ်လူဟာ ဒူးခေါင်းအရွတ်စုတ်ပြဲဒဏ်ရာပြဿနာမှ ပြန်လည်သက်သာလာတာကြောင့် ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပေမယ့် ဒူးခေါင်းဒဏ်ရာကို ပြန်လည်ထိခိုက်မိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ မန်စီးတီးဟာ ရိုဒရီကို ဒဏ်ရာပြဿနာနဲ့ တစ်ရာသီလုံး လက်လွှတ်ထားခဲ့ရတာကြောင့် ပုံစံကောင်းရဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုအခါမှာလည်း ဂွါဒီယိုလာရဲ့ပြောကြားချက်အရ မန်စီးတီးဟာ ကစားသမားကို လာမယ့် ၂၀၂၅-၂၆ ရာသီအစမှာ အသုံးပြုနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။
စပိန်သားနည်းပြက “ရိုဒရီက ဒဏ်ရာပြဿနာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ပွဲစဉ်မှာ ဒဏ်ရာပြန်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သူလေ့ကျင့်ရေးအစီအစဉ်တွေ ပိုလုပ်လာနိုင်ပေမယ့် စက်တင်ဘာလအထိတော့ ကစားနိုင်ဦးမှာမဟုတ်ပါဘူး။ ဒီကြားထဲကပွဲတွေမှာ သူနည်းနည်းချင်းစီတော့ ပြန်ကစားနိုင်မယ်ဆိုပေမယ့် ကျွန်တော်တို့ ဂရုတစိုက်အသုံးပြုသွားရဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ်မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ ရိုဒရီနေရာမှာ ကွင်းလယ်လူသစ် တီဂျာနီရိန်ဒါစ်က ဝင်ရောက်ကစားသွားဖွယ်ရှိပါတယ်။