The network connection is lost.

Banner Image

နူးကမ့်ကိုပြန်လည်အသုံးပြုနိုင်မယ့်ရက်စွဲအား ထပ်မံရွှေ့ဆိုင်း လိုက်ပြန်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ထိန်းသိမ်းပြုပြင်မှုတွေပြန်လည်ပြုလုပ်နေတဲ့ အိမ်ကွင်း နူးကမ့်ကို ယခုအောက်တိုဘာလမှာ ပြန်လည်အသုံးပြုသွားမယ်လို့ ကနဦးက ကြေညာထားခဲ့ပေမယ့် ယခုအခါမှာတော့ လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် အသုံးပြု နိုင်မယ့်ရက်စွဲကို ထပ်မံရွှေ့ဆိုင်းကြောင်း အတည်ပြုထားပါတယ်။ စပိန်သတင်းတွေအရ ဘာစီလိုနာဟာ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့ ဂျီရိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်ကို နူးကမ့်မှာကစားမှာမဟုတ်ဘဲ Estadi Olimpic Lluis Companys ကွင်းမှာပဲ ဆက်လက်ကစားသွားမယ်လို့ သိရပါတယ်။ 

စပိန်အခြေစိုက် Sport သတင်းဌာနက "ဘာစီလိုနာဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့ ဂျီရိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ် ၉ ကို နူးကမ့်မှာကစားမှာမဟုတ်ဘဲ Estadi Olimpic Lluis Companys မှာပဲ ကစားသွားမယ်လို့ အတည်ပြုထားပါတယ်"

"ကလပ်ဟာ နူးကမ့်ကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုမိန့်တွေရရှိဖို့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့်ရက်များအတွင်း သက်ဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ဖို့ ဘာစီလိုနာမြို့တော်ကောင်စီနဲ့လည်း အမြဲတမ်းဆက်သွယ်နေပါတယ်"

"လောလောဆယ်အထိတော့ ပထမအဆင့်အနေနဲ့ ပရိသတ်ဝင်ခွင့်ရရှိမယ့်ခွင့်ပြုမိန့်ကို မကြာမီမှာရရှိတော့မယ်လို့ မျှော်လင့်ထားပြီး ပရိသတ်ဦးရေ ၂ သောင်း ၇ ထောင်အထိ ဝင်ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။ ဒုတိယအဆင့်အတွက် ခွင့်ပြုမိန့်ရရှိခဲ့မယ်ဆိုရင်တော့ နူးကမ့်ထဲသို့ ပရိသတ်ဦးရေ ၄ သောင်း ၅ ထောင်အထိ ဝင်ရောက်ခွင့်ပြု နိုင်မှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂျီရိုနာနဲ့ပွဲစဉ်အပြီးမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိုလံပီယာကော့စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီးအဆိုပါပွဲစဉ်ကိုလည်း Montjuic အားကစားကွင်းမှာ ဧည့်ခံကျင်းပသွားမှာဖြစ်တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ အယ်လ်ချီနဲ့ပွဲစဉ်မှာ ဘာစီလိုနာအနေနဲ့ နူးကမ့်ကိုပြန်လည်အသုံးပြု ဖို့ စီစဉ်ထားပေမယ့် ဘဏ္ဍာရေးအကြောင်းပြချက်တွေကြောင့် နိုဝင်ဘာလနှောင်းပိုင်းမှသာ ပြန်လည်အသုံးပြုနိုင်ချေရှိပါတယ်။