ပြဿနာတွေရှိနေပေမယ့် အိုလ်မိုကို မှတ်ပုံပြန်တင်နိုင်မယ်လို့ ဒေကို သေချာနေ
ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုကတော့ အသင်းဘက်က လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးရက်မတိုင်ခင် အိုလ်မိုကို မှတ်ပုံပြန်တင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ အိုလ်မိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လိုက်ပ်ဇစ်အသင်းထံကနေ ဘာစီလိုနာအသင်းထံပြောင်းလာခဲ့ပေမယ့် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကြောင့် ယာယီသာမှတ်ပုံတင်ထားနိုင်ခဲ့ပါတယ်။
ခရစ္စတီယန်ဆန်ဒဏ်ရာရခဲ့တာကြောင့် အိုလ်မိုကို မှတ်ပုံတင်နိုင်ခဲ့ပေမယ့် အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ အဲ့တာကို လုပ်ဆောင်နေပါတယ်။ လူတိုင်းက စိတ်အေးအေးထားနေပါတယ်”လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအပြင် အသင်းတော်တော်များများဟာ စပိန်လိဂ်ကသတ်မှတ်ထားတဲ့ မူရင်းအသုံးပြုခွင့်ပမာဏကို ကျော်လွန်နေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ အိုလ်မိုအပြင် ဗစ်တာရိုကွေးကိုလည်း မှတ်ပုံတင်ရဦးမှာဖြစ်ကာ လက်ရှိမှာ ဘာစီလိုနာအနေနဲ့ ငွေချွေတာမှုကို လုပ်ဆောင်ရမှာဖြစ်သလို အမြတ်ငွေတိုးလာအောင်လုပ်ရမှာဖြစ်ပါတယ်။
“ဒါက အသင်းအတွင်းက ပြဿနာတွေပါ။ မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ အဲ့တာကို ဖြေရှင်းနိုင်မှာပါ။ ကစားသမားကလည်း စိတ်အေးအေးထားပါတယ်။ မစိုးရိမ်ပါဘူး”လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ အိုလ်မိုကို လာမယ့်ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် မှတ်ပုံမတင်နိုင်ခဲ့ရင် နောက်တစ်ကြိမ် ထပ်မံမှတ်ပုံတင်ခွင့်ရှိမှာမဟုတ်တာဖြစ်ပါတယ်။
အဆိုပါအခြေအနေမှာ ဘာစီလိုနာအနေနဲ့ စပိန်သားကို အလွတ်နဲ့ထွက်ခွာခွင့်ပြုရဖွယ်ရှိနေပါတယ်။ သတင်းတွေအရ အသင်းနဲ့ကစားသမားကြားက အဆင်ပြေနေပြီဖြစ်သလို လာလီဂါဥက္ကဌ တီဘက်စ်က ဘာစီလိုနာအနေနဲ့ အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
“ကျွန်တော် ဘာစီလိုနာအနေနဲ့ အခုအခြေအနေကို စီမံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့လုပ်နိုင်မယ်လို့ ကျွန်တော်အကောင်းမြင်ပါတယ်။ အဆုံးသတ်မှာ သူတို့ အဲ့တာကို စီမံနိုင်မှာပါ။ ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ အိုလ်မိုက ကျွန်တော်သဘောကျရတဲ့ကစားသမားပါ။ သူက တကယ့်အံ့ဖွယ်ကစားသမားပါ”လို့ တီဘက်စ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာမှာ အသားတင်အကြွေးယူရို ၄၂၆ သန်းရှိနေပြီး တကယ်လို့ အသင်းအနေနဲ့ အိုလ်မို နဲ့ ဗစ်တာတို့ကို မှတ်ပုံတင်လိုက်ရင် အခုထက်ပိုမြင့်မားလာမှာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကတော့ ဘာစီလိုနာဟာ စပွန်ဆာအသစ် Nike နဲ့ လက်တွဲခဲ့ပြီး အသင်းဝင်ငွေကို မြှင့်တင်ခဲ့ပါတယ်။ နောက်ထပ်သတင်းတွေအရ ဘာစီလိုဟာ လာမယ့်ကွင်းအသစ်အတွက် VIP နေရာတွေကို ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။