The network connection is lost.

Banner Image

ဘာစီလိုနာရဲ့မှတ်ပုံတင်မယ့်အရေးကို မစိုးရိမ်တဲ့ အက်စ်ပန်ညိုစတားဟောင်း

ဘာစီလိုနာဂိုးသမားသစ် ဂါစီယာက သူ့အနေနဲ့ အသင်းရဲ့မှတ်ပုံတင်ခြင်းပြဿနာကို မစိုးရိမ်ကြောင်း ပြောကြားလိုက်သလို အက်စ်ပန်ညိုကနေ ဘာစီလိုနာကိုပြောင်းလာရတဲ့အကြောင်းကို ရှင်းပြလိုက်ပါတယ်။ ဘာစီလိုနာဟာ အခုနွေရာသီမှာ ဂါစီယာကို ခါးသီးပြိုင်ဘက် အက်စ်ပန်ညိုအသင်းထံကနေ ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဘာစီလိုနာဟာ မှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး တာစတီဂျန်အခြေအနေအပေါ်မူတည်ပြီး ဂါစီယာကို မှတ်ပုံတင်နိုင်ဖွယ်ရှိနေပါတယ်။ ဂါစီယာဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါရဲ့ထိပ်တန်းစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ဂိုးသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာက တာစတီဂျန်နေရာအတွက် ရေရှည်အစားထိုးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

စပိန်သားက သူ့အနေနဲ့ ဘာစီလိုနာကိုပြောင်းလာခဲ့ရာမှာ စိန်ခေါ်မှုတွေအပြင် ပြဿနာတွေကိုပါ သတိထားမိတယ်လို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဘာစီလိုနာဟာ အိုလ်မို နဲ့ ဗစ်တာတို့ကို မှတ်ပုံတင်နိုင်ဖို့ ခက်ခဲခဲ့သေးတာဖြစ်ပါတယ်။ 

“ကျွန်တော် စာချုပ်ချုပ်ချိန်မှာ ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကို သိပြီးသားပါ။ ကျွန်တော် အဲ့တာတွေကို ရင်ဆိုင်ဖို့ အသင့်ပါ။ စိတ်အေးအေးထားထားသလို အရာအားလုံးအဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့လိုဖြစ်လာမယ်လို့လည်း ယုံကြည်မှုရှိပါတယ်။ ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှသံသယမရှိခဲ့ပါဘူး။ ယေဘုယျအားဖြင့် အက်စ်ပန်ညိုကနေ လာချိန်မှာ သံသယအနည်းငယ်ရှိခဲ့ပါတယ်။

အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ပေမယ့် ကျွန်တော်ကတော့ သဘောမကျခဲ့ပါဘူး။ ဘာစီလိုနာရဲ့အားကစားအဆင့်အတန်း နဲ့ သူတို့တည်ဆောက်နေပုံကို သဘောကျခဲ့တာပါ။ သူတို့မှာ လူငယ်အသင်းရှိနေသလို အလားအလာလည်းအများကြီးရှိနေပါတယ်။ အဲ့တာကြောင့် ကျွန်တော် ဘာမှသံသယမရှိပါဘူး။ အပေါ်မှာပြောခဲ့သလို ဒီအသင်းပရောဂျက်ကို သဘောကျသလို အလားအလာလည်း အများကြီးရှိနေပါတယ်။

သူတို့က ကျွန်တော့်ကိုပျော်အောင်လုပ်ပေးနိုင်မှာပါ။ အသင်းတော်တော်များများမှာ ဘဏ္ဍာရေးပြဿနာဆိုတာ ရှိတတ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ဒီအခြေအနေတွေ ပြေလည်သွားမယ်လို့ ထင်ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော့်ကိုအမှန်တကယ်ချစ်မြတ်နိုးဖို့ဆိုတာက အရမ်းအရေးကြီးပါတယ်”လို့ ဂါစီယာက ပြောကြားခဲ့ပါတယ်။ ဂါစီယာကတော့ ဘာစီလိုနာအသင်းမှတ်ပုံတင်နိုင်မယ့်အချိန်ကို စောင့်ဆိုင်းနေပြီး အသင်းအတွက် ပါဝင်ကစားပေးဖို့ အသင့်ရှိနေပါတယ်။