The network connection is lost.

Banner Image

အင်တာမီလန်နဲ့ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ ဟန်စီဖလစ်ခ်

ဆယ်စုနှစ်တစ်ခုကြာစောင့်ဆိုင်းခဲ့ရတဲ့ ကတ္တလန်သားတွေရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိရေးအိပ်မက် ပျက်ပြယ်သွားပြီးနောက် အင်တာကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ် စိတ်ပျက်နေခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဘာစီလိုနာက အိမ်ရှင်တွေရဲ့နှစ်ဂိုးပြတ်ဦးဆောင်ထားမှုကို ဒုတိယပိုင်းပွဲချိန်အတွင်း အကောင်းဆုံးချေပကာ ရာဖင်ဟာရဲ့ပွဲချိန် ၈၇ မိနစ်သွင်းဂိုးနဲ့အတူ Comeback နိုင်ပွဲရရှိဖို့ မျှော်လင့်လာခဲ့ကြပါတယ်။ ဒါပေမယ့် အဆာဘီရဲ့နာကျင်အချိန်ပိုချေပဂိုးကြောင့် အင်တာမီလန်တို့ အသက်ဆက်နိုင်ခဲ့ပြီး အနိုင်ဂိုးကိုလည်း ရှာဖွေနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အင်တာမီလန်က ဘာစီလိုနာကို နှစ်ကျော့ပေါင်းရလဒ် ၇-၆ ဂိုးဖြင့် အနိုင်ယူပြီး အာဆင်နယ်(သို့မဟုတ်)ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ တက်လှမ်းသွားပါတယ်။ ဟန်စီဖလစ်ခ်ကတော့ ဆန်စီရိုကွင်းဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ အလွန်အလုပ်များခဲ့တဲ့ ပိုလန်လူမျိုးကွင်းလယ်ဒိုင် ဆိုင်မွန်မာချီနီယာခ်ကို ဝေဖန်ရှုံ့ချခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဆိုင်မွန်မာချီနီယာခ်က လော်တာရိုမာတီနက်ဇ်အပေါ် ကူဘာစီ ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့မှုအတွက် VAR အကြံပြုမှုမှတဆင့် အင်တာမီလန်အတွက် ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်လ်ရဲ့တိုက်စစ်ဆင်မှုကို မီခီတာရန်ရှင်းထုတ်ရာမှာ ကြမ်းတမ်းခဲ့လို့ ဘာစီလိုနာအတွက် ပယ်နယ်တီအခွင့်အရေးတစ်ကြိမ်သတ်မှတ်ခဲ့တဲ့ ဆိုင်မွန်မာချီနီယာခ်က VAR ကြားဖြတ်ဝင်ရောက်မှုကြောင့် ဂိုးဧရိယာပြင်ပ ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်မယ်ဆိုပြီး မူလဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပါတယ်။

ဘာစီလိုနာကစားသမားတွေနဲ့ အရန်ခုံတန်းကလည်း အင်တာမီလန်ခံစစ်မှူးအဆာဘီ ဂိုးဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိတယ်ဆိုတဲ့ သူတို့ရဲ့အယူဆအနဲ့ အင်တာမီလန်ရဲ့ချေပဂိုးမှာ ဂါရတ်မာတင်ကို ဒမ်ဖရီးစ်ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ဆိုတဲ့ အယူအဆကို ရှေ့တန်းတင်ပြီး ကွင်းလယ်ဒိုင်ဆီ စောဒကတက်ခဲ့ကြပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဟန်စီဖလစ်ခ်က “ ကွင်းလယ်ဒိုင်လူကြီးအကြောင်းတော့ အများကြီးမပြောချင်တော့ပါဘူး။ ဒါပေမယ့် အခွင့်အရေးဆတူရှိနေတဲ့အခိုက်အတန့်တိုင်းမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေက အင်တာမီလန်အတွက်ပဲ အသာစီးရရှိစေခဲ့ပါတယ်။

ကျွန်တော် စိတ်ပျက်မိတယ်ဆိုပေမယ့် ဒါက အသင်းနဲ့တော့ မသက်ဆိုင်ပါဘူး။ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့တာပါ။ အခုတော့ ဒီအတိုင်းပဲ ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော်တို့ ထွက်ခွာလာရပေမယ့် နောက်နှစ်မှာ ပရိသတ်တွေ ပျော်ရွှင်ခွင့်ရရှိအောင် နောက်တစ်ကြိမ်ကြိုးစားပေးသွားပါမယ်။

ဒါက ကျွန်တော့်ကိုတော်တော်ဝမ်းနည်းမိစေပါတယ်။ ကျွန်တော့်အသင်းက အကောင်းဆုံးစွမ်းဆောင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်အကြောင်း ပြောနေရတာမျိုးကို ကျွန်တော်မကြိုက်လှပါဘူး။ ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ကိုပဲ သူ့ဆီ ပြောပြခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ဘာတွေပြောခဲ့သလဲဆိုတာကို ဒီနေရာမှာ ဖွင့်မပြောတော့ပါဘူး”လို့ ဆိုပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းက အခုရာသီ၊ လာလီဂါချန်ပီယံဆု ဆွတ်ခူးနိုင်ရေးအတွက် အထူးအရေးပါနေတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ကို အခုသီတင်းပတ်ကုန်ပိုင်းမှာ ကစားသွားရပါမယ်။