ဘာစီလိုနာကို အနိုင်ရပြီး လာလီဂါကိုထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်ဖို့ လိုအပ်နေသေးကြောင်း သတိပေးလာတဲ့ အိုဘလက်ခ်
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုဟာ ဘာစီလိုနာကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ပြီး ၁-၂ နဲ့အနိုင်ရကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ပေမယ့် ဂိုးသမား ဂျန်အိုဘလက်ခ်ကတော့ ရာသီကုန်ဖို့ ပွဲစဉ်တွေအများကြီးကျန်နေသေးကြောင်း အသင်းဖော်တွေကို သတိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ကွင်းလယ်လူ ပီဒရီရဲ့သွင်းဂိုးနဲ့ အက်သလက်တီကိုကို ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရတာဖြစ်ပါတယ်။
ပထမပိုင်းအတွင်း ဘာစီလိုနာဘက်ကို ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ အက်သလက်တီကိုဟာ ဒုတိယပိုင်းမှာရရှိခဲ့တဲ့ ရိုဒရီဂိုဒီပေါလ်ရဲ့သွင်းဂိုးနဲ့ ပွဲပြီးကာနီးမှာ သွင်းယူခဲ့တဲ့ အလက်ဇန်းဒါးဆော်လို့သ်ရဲ့အသည်းခွဲအနိုင်ဂိုးတွေကြောင့် အဝေးကွင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အက်သလက်တီကိုဟာ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာကို အဝေးကွင်းမှာအနိုင်ရရခဲ့တာဖြစ်ပြီး ဘာစီလိုနာကလည်း လာလီဂါမှာ ၃ ပွဲဆက်အရှုံးနဲ့ကြုတွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ အိုဘလက်ခ်က “ကျွန်တော် အက်သလက်တီကိုကို ရောက်ကတည်းက ဘာစီလိုနာကို အဝေးကွင်းမှာ မနိုင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုတော့ပထမဆုံးအကြိမ် အနိုင်ရခဲ့ပါပြီ။ တကယ်ကို ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အမှတ်ပြည့်ယူနိုင်ခဲ့ပါတယ်။ ဒီပုံစံကို ဆက်လက်ထိန်းသိမ်းဖို့ကြိုးစားသွားပါမယ်”
“ဒီနေ့ပွဲမှာ ကျွန်တော်တို့ဆိုးဝါးတဲ့ကစားပုံနဲ့ စတင်ခဲ့ရပြီး ဘာစီလိုနာကိုကြောက်ရွံ့နေခဲ့ပါတယ်။ ဒါပေမယ့် ၁-၀ ဆိုတဲ့အခြေအနေအရောက်မှာတော့ နောက်ထပ်သွင်းဂိုးတွေ ထပ်ပြီးတော့ ခွင့်ပြုလို့မရတော့ဘူးဆိုတာသိခဲ့ပါတယ်။ ရာသီကုန်ဖို့ ပွဲစဉ်တွေအများကြီးကျန်ပါသေးတယ်။ ဒီနေ့ပွဲက ချန်ပီယံလုပွဲမဟုတ်ပါဘူး။ ၃ မှတ်ပဲရခဲ့ပြီး နောက်ထပ်ယူရမယ့်အမှတ်တွေအများကြီးကျန်နေပါတယ်။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က ကျွန်တော်တို့က ဒီနေရာရဲ့အဝေးမှာရှိနေခဲ့ပြီး အခုတော့ ဒီနေရာကိုရောက်လာခဲ့ပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယခုပွဲစဉ်မှာသာမက အက်သလက်တီကိုရဲ့နောက်ဆုံးပွဲစဉ် ၄ ပွဲမှာ ၃ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဒီပေါလ်က “ခံစားရတာများရင် ပျော်ရတာလည်းများမှာပါပဲ။ ဒီနေ့မှာ ကျွန်တော်တို့က ခက်ခဲတဲ့ပြိုင်ဘက်ကို အနိုင်ရခဲ့ပါတယ်။ အက်သလက်တီကို ဒီနေရာမှာ အနိုင်မရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ရတာ စိတ်လှုပ်ရှားစရာပါ။ ကြီးမားတဲ့ စိတ်ကျေနပ်မှုပါပဲ။ အလုပ်ကြိုးစားသလောက် ပြန်ရတဲ့အခါ စိတ်ကျေနပ်ရပါတယ်။ ဒီအသင်းအင်္ကျီကိုဝတ်ဆင်ရတာ ဂုဏ်ယူစရာပါ။ အခုလိုပုံစံကောင်းရနေလို့ ပျော်ရွှင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။