ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ ပိုကောင်းခဲ့တဲ့အသင်းက အာဆင်နယ်လို့ ဆိုလိုက်တဲ့ အာတီတာ
ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပထမအကျော့)အဖြစ် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့အခွင့်အရေးဖြုန်းတီးမှုတွေကို ရည်ညွှန်းရင်း ပိုကောင်းခဲ့တဲ့အသင်းဟာ အာဆင်နယ်သာ ဖြစ်တယ်လို့ အာတီတာက အတိအလင်းပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ နယူးကာဆယ်အတွက် အီဆက်ခ်နဲ့ ဂေါ်ဒွန်တို့က သွင်းဂိုးတွေ ရယူပေးရင်း ဖေဖော်ဝါရီ ၅ ရက်၊ ဒုတိယအကျော့မတိုင်ခင် နှစ်ဂိုးပြတ်အသာစီးရရှိအောင် စွမ်းဆောင်သွားခဲ့ပါတယ်။
အီဆက်ခ်ရဲ့အဖွင့်ဂိုးမတိုင်ခင်နဲ့ ဂေါ်ဒွန် ဒုတိယဂိုးသွင်းယူပြီးချိန်တွေမှာ အာဆင်နယ်အသင်းက အခွင့်အရေးကောင်းများစွာရရှိခဲ့ပေမယ့် ဖြုန်းတီးပစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အာဆင်နယ်က ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး xG 3.09 အထိ ရှိခဲ့သလို နယူးကာဆယ်ကလည်း ဂိုးပေါက်ကန်သွင်းမှု ခုနစ်ကြိမ်(xG 1.22) ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂန်းနားတွေက ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်မှာ သုံးကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပေမယ့် နယူးကာဆယ်ကတော့ လေးကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ပါတယ်။
အာတီတာလက်အောက် အာဆင်နယ်အသင်းအတွက် အခုထက်ပိုပြီး ဂိုးပေါက်ကန်သွင်းမှုပြုလုပ်ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ခုတည်းသာ ရှိပါတယ်။ အဲ့ဒီပွဲစဉ်ကတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဝက်စ်ဟမ်းကို ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၃၀ ပြုလုပ်ပြီး ဂိုးမသွင်းယူနိုင်ဘဲ အရှုံးပေးခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ပါတယ်။
အာတီတာက “ဒါက အခုပွဲစဉ်အတွက် အကြီးမားဆုံးကွာဟချက်ပါ။ အခြားကဏ္ဍတွေမှာဆိုရင် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ပါတယ်။ သူတို့တွေ နှစ်ဂိုးသွင်းယူပြီး အခုလိုပွဲစဉ်မျိုးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်လို့ ဂုဏ်ပြုပါတယ်။ အခွင့်အရေးတွေ လွဲချော်နေချိန် ဂိုးပါပေးလိုက်ရမယ်ဆိုရင်ဖြင့် ဒါက အမြဲတမ်းလိုလို ခက်ခဲလာပါလိမ့်မယ်။ ဒါပေမယ့် အသင်းကတော့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ အခိုက်အတန့်ကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နယူးကာဆယ်က ခံစစ်ဇုန်ထဲမှာ အကောင်းဆုံးခုခံကစားနိုင်ခဲ့ပါတယ်။
ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပိုကောင်းအောင် လုပ်သွားနိုင်ရပါမယ်။ ပြိုင်ဘက်ဂိုးသမားနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့တဲ့အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။ ဆီမီးဖိုင်နယ်လိုအဆင့်မျိုးမှာ အခုလိုအခွင့်အရေးမျိုးကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးသတ်နိုင်ရပါမယ်”လို့ ပြောပါတယ်။
ပထမပိုင်းပွဲချိန်အတွင်း နယူးကာဆယ်အသင်းရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးပို့မှုမှတဆင့် ရရှိလာတဲ့ ဘောလုံးကို မာဖီက ဖန်တီးပေးရာမှ အီဆက်ခ်ရဲ့သွင်းဂိုး ဖြစ်တည်လာခဲ့တာပါ။ အခုဆိုရင် ဒီကစားသမားနှစ်ဦးက အတူတွဲဖက်ပြီး ပြိုင်ပွဲစုံ ခုနစ်ဂိုးအထိ သွင်းယူထားနိုင်လို့ အခြားပရီးမီးယားလိဂ်တိုက်စစ်အတွဲတွေထက် များပြားတဲ့ဂိုးသွင်းနှုန်းကို ပိုင်ဆိုင်ထားပါတယ်။
အာတီတာက “ အီဆက်ခ်ရဲ့ဂိုးကို ကျွန်တော် မြင်တွေ့ခဲ့ပြီးပါပြီ။ ဒါက သူတို့လုပ်လေ့ရှိတဲ့အရာတစ်ခုပါ။ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ပြိုင်ဘက်ကို အမှားအယွင်းကျူးလွန်စေပြီးမှ အီဆက်ခ်က အဆုံးသတ်လေ့ရှိတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုချင်ခဲ့တာ အခြားရလဒ်တစ်ခုဖြစ်လို့ စိတ်ပျက်သွားရပါလိမ့်မယ်။ ဒါပေမယ့် ဒီရလဒ်ကသာ တကယ့်အရှိတရားပါ။ ကျွန်တော့်မှာ ယုံကြည်ချက်အပြည့် ရှိပါတယ်။ နယူးကာဆယ်ကိုရင်ဆိုင်ကစားခဲ့တဲ့ ကျွန်တော့်ရဲ့အသင်းကို မြင်တွေ့ခဲ့ရပြီးနောက် ဒါမျိုးနောက်ထပ်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်”လို့ ပြောပါတယ်။