The network connection is lost.

Banner Image

လာမယ့် ၂၀၂၄-၂၅ ရာသီအတွက်သာ အပြည့်အဝအာရုံစိုက်ထားတယ်လို့ဆိုလာတဲ့ ဟာလန်း

မန်ချက်စတာစီးတီးရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းက ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ အသင်းရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူမိပေမယ့် လက်ရှိအချိန်မှာတော့ ၂၀၂၄-၂၅ ရာသီသစ်အတွက်သာ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောကြားလာခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် တစ်ဦးချင်းအောင်မြင်မှုအနေနဲ့လည်း ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ၂ နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်ကို ရမှတ် ၁ မှတ်အသာနဲ့ ကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စံချိန်တင် ၄ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း စကော့တလန်ကလပ် ဆဲလ်တစ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းကတော့ အတိတ်ကအောင်မြင်မှုတွေက ဂုဏ်ယူစရာဖြစ်တယ်လို့ဆိုပေမယ့် အနာဂတ်ကိုသာ အပြည့်အဝအာရုံစိုက်ထားရမယ်လို့ ဆိုလာခဲ့ပါတယ်။ 

အေစီမီလန်နဲ့‌ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးအနေနဲ့ လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ထပ်မံရရှိသွားဦးမလားလို့မေးမြန်းခဲ့ရာ ဟာလန်းက "ကျွန်တော်တို့ အောင်မြင်မှုနဲ့ပတ်သက်ပြီး တကယ့်ကိုဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ၁ မှတ်အသာလေးနဲ့ ပရီးမီယားလိဂ်ဖလားကိုရခဲ့တာပါ။ အာဆင်နယ်က အရမ်းကိုနီးစပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ရာသီသစ်စတင်ပါတော့မယ်။ အတိတ်ကဖြစ်ခဲ့တာတွေကို ကျွန်တော်မစဉ်းစားတော့ပါဘူး"

"ကျွန်တော်က လက်ရှိအချိန်မှာပဲ အကောင်းဆုံးဖြစ်အောင်လုပ်မှာပါ။ လာမယ့် မေလမှာ ကျွန်တော်တို့ ဘာဖြစ်နေမလဲ မတွေးမိပါဘူး။ ဒါကိုတွေးနေလို့လည်း ဦးနှောက်အတွက် ဘာမှကောင်းတာဖြစ်မလာပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆဲလ်တစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဟာလန်းဟာ မန်စီးတီးရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ပထမဆုံးအကြိမ် ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ကံမကောင်းစွာဘဲ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။