အာဆင်နယ်မှာ စိတ်ဓာတ်နဲ့ စွမ်းအင် မြှင့်တင်ပေးမယ့် ဂျီးဆပ်စ်ကို ပြန်လည်အသုံးပြု ဖို့ စိတ်အားထက်သန်နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ကာလရှည် ဒဏ်ရာကနေ ပြန်လာတဲ့ ဂါဘရီယယ်ဂျီးဆပ်စ်ကို ပွဲထွက်လူစာရင်းမှာ ပြန်လည်အသုံးပြုဖို့ စီစဉ်နေပါတယ်။ ယနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျီးဆပ်စ်က တစ်နှစ်နီးပါးအကြာ ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်ဖွယ်ရှိပြီး ဒါဟာ အာတီတာအတွက် ကြီးမားတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
တကယ်လို့ ယနေ့ညပွဲမှာ ဂျီးဆပ်စ် ပါဝင်ခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် ပြိုင်ပွဲစုံပွဲ ၁၀၀ မြောက်ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာ ပြန်လာခြင်းတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ဝါရင့်တိုက်စစ်မှူးဟာ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာရရှိခဲ့ပြီးနောက် ၁၁ လကြာ အနားယူခဲ့ရတာဖြစ်ပါတယ်။
အာတီတာက"ဒါက ဂါဘီရဲ့ အကြီးမားဆုံးအရည်အချင်းဖြစ်နိုင်ပါတယ်။ ကစားသမားတွေကို စည်းလုံးစေတာ၊ လူတွေနဲ့ ဆက်သွယ်တာနဲ့ ပြိုင်ဘက်တွေကြားမှာ မရေရာမှုတွေ အများကြီးဖန်တီးပေးတာပါ။ ဒါဟာ တကယ်ကို ပြင်းထန်တဲ့ ခရီးတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။ သူကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့တဲ့အခါ ကလပ်နဲ့ အသင်းရဲ့ ယုံကြည်မှု၊ စိတ်ဓာတ်နဲ့ စွမ်းအင်ကို မြှင့်တင်ပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့မှာရှိပြီးသားအရာတွေနဲ့ လုံးဝကွဲပြားတဲ့အရာတစ်ခုကို ပေးခဲ့ပြီး ဒါက တကယ်ကို အထင်ကြီးစရာပါပဲ။
ပြီးတော့ သူဟာ အရမ်းဆိုးရွားတဲ့ ဒဏ်ရာတချို့ရခဲ့တာကြောင့် ကျွန်တော်တို့ အရေးပါတဲ့ကစားသမားတစ်ဦးဆီက လိုအပ်တဲ့ တည်ငြိမ်မှုကို မရရှိခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်လာပါပြီ။ သူ့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ အမြဲတမ်း အကောင်းဆုံးပြင်ဆင်ဖို့ ဆုံးဖြတ်ချက်ချတာက မယုံနိုင်စရာပါပဲ။ အသင်းက သူ့ရဲ့စိတ်ဓာတ်ကို ရရှိထားပြီးပါပြီ၊ ကျွန်တော်တို့ ဒါကို အသုံးပြုဖို့ လိုအပ်ပါတယ်"လို့ ပြောခဲ့ပါတယ်။